
မန်စီးတီးအသင်းအပေါ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ မျှတမှုမရှိကြောင်း ကွင်းလယ်လူ ရိုဒရီက ဝေဖန်သွားပါတယ်။
မနေ့ညက စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဆိုလန်ကီရဲ့ ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့အပေါ် ရိုဒရီက မကျေမနပ် ဖြစ်ခဲ့တာပါ။
ဆိုလန်ကီအနေနဲ့ ဂိုးကန်သွင်းရာမှာ နောက်ခံလူ ဂူဟီရဲ့ ခြေထောက်ကို ကန်ခဲ့တာကြောင့် ဂိုးအဖြစ်ကနေ ပယ်ဖျက်သင့်ပြီး ဒိုင်လူကြီးတွေအနေနဲ့ အသင်းအပေါ် မျှတမှုမရှိတာ ၃ ပွဲဆက်တိုက်ပြီလို့ ရိုဒရီက ပြောပါတယ်။
မိမိတို့အသင်းဟာ ဆုဖလားများစွာ ရရှိထားတာကြောင့် ဆုဖလားတွေ ထပ်မံရယူဖို့ လူတွေက မလိုလားတော့ကြောင်း၊ ဒိုင်လူကြီးတွေအနေနဲ့ ဘက်မလိုက်ဖို့ လိုအပ်ပြီး အသင်းအပေါ် ဆုံးဖြတ်ချက်တွေဟာ လုံးဝ မမျှတဘူးလို့ ရိုဒရီက ပြောပါတယ်။
စီးတီးဟာ ဒီပွဲသရေကျခဲ့တဲ့အတွက် လက်ကျန် ၁၄ ပွဲအလိုမှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ် ကွာဟသွားပြီ ဖြစ်ပါတယ်။


