Home
အနုပညာ
သရုပ်ဆောင်ဒေါင်း ပါဝင်သည့် OMUKADE ရုပ်ရှင် ထိုင်းတွင်ပြသနေ 
DVB
·
January 29, 2026
Photo: Daung Facebook

သရုပ်ဆောင်ဒေါင်း ပါဝင်ရိုက်ကူးထားတဲ့ အိုမုကာဒေး ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံအနှံ့က ရုပ်ရှင်ရုံတွေမှာ ပြသနေပြီး လာရောက်ကြည့်ရှုတဲ့ မြန်မာပရိသတ်တွေလည်း များပြားနေတယ်လို့ သိရပါတယ်။

မြန်မာသရုပ်ဆောင် ဒေါင်း ပါဝင်ရိုက်ကူးထားတဲ့ OMUKADE ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီ ၂၂ ရက်စတင်ပြီး ထိုင်းနိုင်ငံအနှံ့က ရုပ်ရှင်ရုံတွေမှာ အကြိမ်ရေ ၈၀၀ အထိ ပြသသွားမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင်ဒေါင်းက အင်္ဂလိပ်-ဂျပန် စစ်ပွဲကြားမှာ ဂျပန်လက်အောက်က စစ်သုံ့ပန်းတယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာရဲ့ ကမ်းလှမ်းမှုနဲ့ ထိုင်းထုတ်လုပ်သူကတဆင့် ချိတ်ဆက်ပြီး OMUKADE ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့တယ်လို့လည်း သရုပ်ဆောင်ဒေါင်းက ပြောပါတယ်။

“ဒီဇာတ်ကားက ကျနော်ပြောလေ့ရှိသလိုပဲ၊ ကြည့်တဲ့ပရိသတ် entertainment ဖြစ်ဖို့ သရုပ်ဆောင်ပေးရတာပေါ့။ ကျနော့်ရဲ့ ကာရိုက်တာအရဆိုရင် ကျနော်က စစ်သုံ့ပန်းတယောက်ပေါ့။ တိုင်းရင်းသား စစ်သုံ့ပန်းတယောက် ဂျပန် သေမင်းတမံရထားလမ်း ဆောက်နေတဲ့အချိန် အင်္ဂလိပ်-ဂျပန် စစ်ဖြစ်နေတဲ့အချိန်မှာ ကျနော်က ဂျပန်လက်အောက်က သုံ့ပန်းတယောက်အနေနဲ့ သူတို့လမ်းပြတဲ့အချိန်မှာ လမ်းပြရတာပေါ့။”

OMUKADE ရုပ်ရှင်မှာ အမေရိကန်၊ ထိုင်း၊ ဂျပန်သရုပ်ဆောင်တွေ ပါဝင်ခဲ့တဲ့အတွက် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု အရည်အချင်းနဲ့ အတွေ့အကြုံတွေ အများကြီးရရှိခဲ့တယ်လို့  သရုပ်ဆောင်ဒေါင်းက ပြောပါတယ်။

ဒီရုပ်ရှင်ကို ဇွန် ၁၉ ရက်မှာ Premier Show ပြသခဲ့ပြီး လက်ရှိ ရုပ်ရှင်ရုံတွေမှာ ပြသနေချိန်မှာလည်း မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိခဲ့တဲ့အတွက် သရုပ်ဆောင်ဒေါင်းက ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“ဒီလိုမျိုး အခိုက်အတန့်ကို မကြုံတွေ့ရတာ ၅ နှစ်ကျော်ပြီ။ ကျနော် ကြိုးစားနေတယ်၊ ကျနော့်လိုပဲ ဒီတော်လှန်ရေးထဲမှာ  ပါဝင်နေတဲ့ အနုပညာသမား တယောက်ချင်းစီတိုင်းလည်း ကြိုးစားနေတယ်။ ဘယ်အနုပညာသမားမဆို ကြိုးစားနေမှာပဲ။ ကြိုးစားတဲ့နေရာမှာ ပြည်သူအတွက်ရော ကိုယ့်အတွက်ရော အဓိပ္ပာယ်ရှိမဲ့ဟာမျိုး ကြိုးစားရင်တော့ ပိုပြီးတော့ အနှစ်သာရရှိတာပေါ့။ ပိုပြီးတော့ ကြည်နူးစရာကောင်းတာပေါ့။ ပရိသတ်ကိုယ်တိုင် ပြည်သူကိုယ်တိုင်က လက်ခံတဲ့ အနုပညာ ဖြစ်တဲ့အတွက် ဘာပဲလုပ်လုပ် ကြည်နူးစရာ ပီတိဖြစ်စရာ ဖြစ်တယ်။”

သရုပ်ဆောင်ဒေါင်းဟာ လက်ရှိမှာလည်း ထိုင်း BPS ရုပ်သံလိုင်းနဲ့ ထိုင်းစီးရီးတကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013