
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ နိုင်ငံရပ်ခြားမှာ ထုတ်လုပ်ပြီး အမေရိကန်ကိုတင်ပို့မယ့် ရုပ်ရှင်ဇာတ်ကားအားလုံးကို စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ စက်တင်ဘာ ၂၉ ရက်မှာပြောကြားလိုက်ပြီး ဟောလိဝုဒ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပုံစံကို လုံးဝပြောင်းလဲပစ်လိုက်မယ့် မေလတုန်းက ခြိမ်းခြောက်မှုကို ထပ်မံပြုလုပ်လိုက်ပါတယ်။
ဒီဆောင်ရွက်မှုဟာ ယဉ်ကျေးမှုလုပ်ငန်းနယ်ပယ်တွေထဲကို ကုန်သွယ်ရေးမှုဝါဒနဲ့ ကာကွယ်ပေးချင်နေတဲ့ ထရမ့်ပ်ရဲ့ ဆန္ဒကို အချက်ပြနေတာဖြစ်ပြီး နိုင်ငံတကာပူးပေါင်း ရိုက်ကူးထုတ်လုပ်မှုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ရုံဝင်ငွေတွေအပေါ် ကြီးကြီးမားမား မီခိုနေရတဲ့ ရုပ်ရှင်စတူဒီယိုတွေအတွက် မသေချာမရေရာမှုတွေ မြင့်တက်လာရပါတယ်။
သမ္မတ ထရမ့်ပ်က “ကျနော်တို့ရဲ့ရုပ်ရှင်လုပ်ငန်းကို တခြားနိုင်ငံတွေဟာ အမေရိကန်ဆီကနေ ခိုးယူနေတာဖြစ်ပြီးတော့ ကလေးဆီကနေ သကြားလုံး ခိုးယူသလို သိပ်လွယ်ကူနေတယ်”လို့ သူ့ရဲ့ထရုသ်ဆိုရှယ်မှာ ပို့စ်တင်ထားပါတယ်။
ဒါပေမဲ့လည်း ထရမ့်ပ်ဟာ နိုင်ငံခြားထုတ်လုပ်ရုပ်ရှင်တွေအပေါ် ၁၀၀ ရာခိုင် အခွန်စည်းကြပ်ဖို့အတွက် ဘယ်တရားဝင်အာဏာကို အသုံးပြုမှာလဲ ဆိုတာတော့ ချက်ချင်း မရှင်းလင်းခဲ့ပါဘူး။
အိမ်ဖြူတော်ကလည်း အခွန်စည်းကြပ်မှုကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကို မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အမေရိကန် ထိပ်တန်းစတူဒီယိုတွေဖြစ်တဲ့ Warner Bros Discovery၊ Paramount Skydance နဲ့ Netflix တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။
Comcast ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ "အဖြေထက် မေးခွန်းတွေ ပိုများနေတဲ့” ထရမ့်ပ်ရဲ့ နောက်ဆုံးလုပ်ဆောင်ချက်မှာ မသေချာ မရေရာမှုတွေ ရှိနေသေးတယ်လို့ PP Foresight မှလေ့လာသုံးသပ်သူ ပေါင်လို ပက်စ်ကာတိုးက ပြောပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေ တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
သမ္မတထရမ့်ပ်ဟာ မေလတုန်းက ရုပ်ရှင်စည်းကြပ်ခွန် စိတ်ကူးကို ပထမဆုံး ချပေးလိုက်ပေမဲ့ အသေးစိတ်အချက်အလက်တွေကို အနည်းငယ်လောက်ပဲ ပေးခဲ့တာကြောင့် ရုပ်ရှင်စည်းကြပ်ခွန်က သတ်မှတ်ထားတဲ့ နိုင်ငံတွေပဲလား ဒါမှမဟုတ် တင်သွင်းတဲ့ ရုပ်ရှင်အားလုံးနဲ့ သက်ဆိုင်သလား ဆိုတာကို ဖျော်ဖြေရေး အမှုဆောင်တွေလည်း မသေချာသေးပါဘူး။
မေလကြေညာချက်ထွက်လာအပြီးမှာ အမေရိကန်ရုပ်ရှင်သမဂ္ဂတွေနဲ့ အသင်းအဖွဲ့များ ညွန့်ပေါင်းအဖွဲ့ဟာ ထရမ့်ပ်ဆီ စာတစောင် ပေးပို့ခဲ့ပြီး စာထဲမှာတော့ လွှတ်တော်မှာ ရေးဆွဲနေတဲ့ ပြန်လည်ညှိနှိုင်းမှု အစီအစဉ်ထဲမှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ပရောဂျက်တွေကို အမေရိကန်အတွင်းမှာ ပြန်လည်ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်တွင်း ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် အခွန်လျော့ပေါ့မှုတွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
Source: Reuters


