
Channel Myanmar အပါအဝင် ရုပ်သံဇာတ်ကားတင်တဲ့ အွန်လိုင်း အက်ပလီကေးရှင်း ၂ ခုကို စစ်ကောင်စီက မှတ်ပုံတင် ရုပ်သိမ်းတယ်လို့ ဒီနေ့ ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားတွေ ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားတဲ့ AWS+ နဲ့ Channel Myanmar (cmapp.tv) တို့ဟာ စိစစ်ရေးအဖွဲ့ကို တင်ပြထားတာမရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လွှင့်တင်တာကြောင့် စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့ဆိုပြီး လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်း ရုပ်သိမ်းထားပြီး တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ဆိုပါတယ်။
Channel Myanmar က ဘာသာပြန်တယောက်က ““MRTV တို့ မြဝတီတို့မှာ သူတို့ဝါဒဖြန့်ကားတွေ စစ်ကားဝါဒဖြန့်တာတွေကို လူပိုကြည့်စေချင်လို့ တခြား အင်တာတိမ်းမန့်တွေကို လိုက်ပိတ်တာလို့ ထင်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ၂၀၂၄ ခုနှစ် မတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးတာနဲ့ စိစစ်ခွင့်ပြုတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ဆီ တင်ပြပြီး ခွင့်ပြုချက် ရယူရမယ်လို့လည်း ဆိုပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


