Home
အနုပညာ
မင်းသားဒေါင်းနှင့် စာရေးဆရာ ခက်ဇော်တို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း အပိုင်း(၂)  
DVB
·
October 6, 2025

တော်လှန်အနုပညာရှင် မင်းသား ဒေါင်းနဲ့  စာရေးဆရာ ခက်ဇော်တို့ ပါဝင်တင်ဆက်ထားတဲ့ “မိုးသောက်ချိန်” DVB ရုပ်သံအစီအစဉ်ဟာ  မြန်မာပြည်တွင်းပြည်ပမှာရှိတဲ့ လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတလည်းရ ရသပေါင်းစုံလည်းပေးနိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်လေးတခု ဖြစ်ပါတယ်။

ဒီအစီအစဉ် ဒုတိယပိုင်းမှာတော့ စာဖတ်ပရိတ်တွေကြားမှာ လူကြိုက်များခဲ့တဲ့ The Guys Of Rangoon 1930၊ The Guys From Mandalay 1950s၊ The Fall Of Hantharwaddy  1757  စတဲ့စာအုပ်တွေ ရေးသားခဲ့တဲ့ စာရေးဆရာခက်ဇော်က သူဖန်တီးရေးသားခဲ့တဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးထားပါတယ်။

စာရေးဆရာခက်ဇော်က “အဲဒီစာအုပ်တွေ ရေးဖြစ်တဲ့ရည်ရွယ်ချက်က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီးပေါ့၊ အဲဒါကို လူတွေ ဒီတိုင်း လေ့လာရမယ့်အစား လူတွေလွယ်လွယ်ကူကူနဲ့ ဖတ်လို့ရအောင် ဇာတ်လမ်းထဲမှာ ထည့်ပြီးတော့၊ သူ့ရဲ့နောက်ခံ Background ကာလက နိုင်ငံရေးကာလကြီးပေါ့၊ မြန်မာပြည်ရဲ့ ရှုပ်ခဲ့သမျှ ဇာတ်ရှုပ်တွေပေါ့။ အဲဒီထဲမှာမှ လူဆိုးလူမိုက်တွေကို ဘာလို့ထည့်ရတာလဲ၊ ဇာတ်ကောင်ထားရတာလဲဆိုတော့၊ တချို့ကပြောတယ် လူငယ်တွေ အတုယူမှားမယ် ဘာညာပေါ့။ ဒါပေမဲ့ လူရဲ့စိတ်သဘောက လူမှာအထဲမှာ ဝံပုလွေတကောင်ရှိတယ်၊ အဲ့ဝံပုလွေက မဟုတ်တာ လုပ်ချင်တာ၊ လူက အရိုင်းစိတ်၊ အဲတော့ လူက အရှေ့မှာ ဘယ်လိုပဲ ဖြစ်နေပါစေ၊ မြေအောက်လောကမှာ ဒီလို ဆိုးသွမ်းရိုက်နှက်၊ လွတ်လွတ်လပ်လပ် အဲဒါတွေကို ဖွင့်ထုတ်ချင်စိတ်ရှိတယ်။ အဲ့လောကကို စိတ်ဝင်စားတယ်…”လို့ ပြောပါတယ်။

ပုံမှန်ကြားနေကျ နိုင်ငံရေးသမားကြီးတွေဆီက နိုင်ငံရေးစကား​သံတွေ၊ Issue အခြေခံတဲ့ စကားဝိုင်းတွေ၊ နေ့စဉ်ဖတ်နေရတဲ့ စစ်ပွဲသတင်းတွေကြားမှာ စိတ်အပန်းပြေစရာ ရှားပါးလာနေတဲ့ ပရိသတ်တွေအတွက် စာပေ အနုပညာနဲ့ ကဗျာ၊ ဂီတ အကြောင်း ပြောနိုင် ဆိုနိုင်မယ့် လူငယ်လူလတ်တွေနဲ့ စကားဝိုင်း။ သူတို့ဖန်တီးချင်တဲ့ အနုပညာက ဘယ်လိုအနုပညာမျိုးလဲ၊ သူတို့ မျှော်ရည်တဲ့ အနာဂတ်က ဘယ်လိုအနာဂတ်မျိုး ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီတခေါက်မှာတော့ အနုပညာရှင် မင်းသားဒေါင်းနဲ့ စာရေးဆရာ ခက်ဇော်တို့နဲ့ တွေ့လိုက်ကြရအောင်…

အနုပညာရှင် ဒေါင်းနဲ့ စာရေးဆရာ ခက်ဇော်တို့နဲ့အတူ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူ ဝမ်ဒီ နဲ့ ငုခတ္တာတို့က ပူးပေါင်း တင်ဆက်ပေးထားပါတယ်။

အပြည့်အစုံကို အောက်ပါ ယူကျုလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013