Home
မြန်မာသတင်း
ရှားတောမြို့နယ်ရှိ ကျေးရွာများတွင် ပြင်းထန်အရေပြားရောဂါ ကူးစက်ခံရ
DVB
·
January 29, 2026
Photo: ဒေသခံ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ကလေးသူငယ်တွေနဲ့ လူကြီးပိုင်းတွေဟာ ပြင်းထန်တဲ့ အရေပြားရောဂါ ကူးစက်ပြန့်ပွားခံစားနေရတဲ့အတွက် အရေးပေါ် ဆေးကုသမှု အကူအညီတွေ လိုအပ်နေကြပါတယ်။

ဆိုမိုဖေစိုးလေးမြို့နယ်ခေါ် ရှားတောမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတိုင်းမှာ ပြင်းထန်တဲ့ အရေပြားရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေလို့ အဲဒီဒေသမှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အရေးပေါ် ဆေးကုသမှုအတွက် အကူအညီ တောင်းခံနေပါတယ်။

ကူးစက်ခံရတဲ့သူတွေဟာ ကလေးသူငယ်တွေနဲ့ လူကြီးပိုင်းတွေဖြစ်ပြီး လက်ရှိမှာ အနာတွေကို ဆေးထည့်ဖို့ ဆေးဝါးမလုံလောက်တဲ့အတွက် အလှူရှင်တွေ လိုအပ်နေသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း အကူအညီ တောင်းခံတယ်လို့ ရှားတောမြို့နယ် ကျန်းမာရေးတာဝန်ခံက DVB ကို ရှင်းပြပါတယ်။

“ရွာတိုင်းမှာ ဖြစ်နေတာပါ။ အသက်အရွယ်အစုံ ဖြစ်နေတယ်။ ကလေးတွေမှာ ပိုဆိုးတယ်။ အာဟာရချို့တဲ့တာရယ် ဆေးကုသဖို့ မတတ်နိုင်တာတွေကြောင့် ဆင်းရဲတဲ့ မိသားစုတွေမှာ ပိုဖြစ်နေတယ်။ လူနာက အရမ်းများလာနေပြီ။ အဓိက ဆပ်ပြာနဲ့ ဆေးဝါးလည်း လိုသလို အလှူရှင်တွေ လိုအပ်နေပါတယ်။”

ကရင်နီ အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ တခုဖြစ်တဲ့ CTER-Karenni အဖွဲ့က ဇန်နဝါရီ ၂၇ ရက်မှာ ကလေးတွေနဲ့ လူကြီးတွေ ကူးစက်ခံနေရတဲ့ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး ဆေးဝါးမလုံလောက်တဲ့အပြင် သင့်လျော်တဲ့ ကုသမှုတွေ မရတဲ့အတွက် လူကြီးတွေထက် ကလေးတွေမှာ ရောဂါဝေဒနာ ပိုခံစားနေရတယ်လို့ ဆိုထားပါတယ်။

လူမှုကွန်ရက်ပေါ်က ပုံတွေအရ ရောဂါပုံစံဟာ အရေပြားဝဲရောဂါလို့ သတ်မှတ်နိုင်ကြောင်း ဆရာဝန်တွေက သုံးသပ်ပါတယ်။

သုံးရေမသန့်တဲ့ အခြေအနေတွေနဲ့ တကိုယ်ရေသန့်ရှင်းမှု မရှိတာတွေကြောင့် စစ်ရှောင်မိသားစုတွေမှာ ပိုအဖြစ်များနေကြတာပါ။

ဒါကြောင့် ဆေးဝါးမလောက်တဲ့ အခြေအနေမျိုးတွေမှာ စောင်တွေနဲ့ အဝတ်တွေကို ရေနွေးနဲ့စိမ် လျှော်ပြီး နေပူပြထားတာက ကူးစက်မဲ့ပိုးတွေကို သေစေနိုင်တယ်လို့ လွတ်မြောက်နယ်မြေမှာ ရှိနေတဲ့ ဆရာဝန်တယောက်က ဆိုပါတယ်။

“ကျနော် ပုံတွေကို အွန်လိုင်းမှာလည်း တွေ့တယ်။ ပုံတွေအရက ဒါသည် Scabies (အရေပြားဝဲရောဂါ) လို့ ယူဆတယ်၊ သေချာသလောက် ရှိပါတယ်။ သူက ဆိုးတာက အရမ်းယားတယ်။ ပြီးရင် မြင်တဲ့အတိုင်းပဲ ပြည်တွေဖြစ်တယ်ပေါ့လေ။ ဆိုတော့ ကုမှကိုရမှာ။ မကုဘဲထားရင် နောက်ဆက်တွဲတွေက အများကြီးဖြစ်နိုင်တယ်။ ပိုးတွေဝင်ပြီးတော့ ပိုးတွေကမှတဆင့် အခုတော့ အရေပြားမှာပဲ တွယ်နေတာပေါ့နော်၊ ဆိုတော့ သွေးကြောထဲကတဆင့် တခြားသော ခန္ဓာကိုယ်အနှံ့ကို ပျံ့တဲ့အခါကျရင် septicemia (သွေးကြောထဲ ပိုးပျံ့နှံခြင်း) ပိုးဆိပ်တကိုယ်လုံး ပျံ့တာလို့ ခေါ်တာပေါ့။ အဲလောက်ထိကိုဖြစ်တယ်၊ အဲလောက်ထိဖြစ်ရင် အသက်အန္တရာယ်ပါ ရှိလာတာပေါ့။”

ကရင်နီပြည်နယ်ဟာ နှစ်စဉ် ဖေဖော်ဝါရီလကနေ မိုးရာသီမရောက်မချင်း ရေပြတ်တဲ့ဒဏ်ကို ခံရပြီး နောက်ဆက်တွဲအနေနဲ့ စစ်ရှောင်စခန်း အများစုတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေကို ဆက်ခံစားကြရတတ်ပါတယ်။

လက်ရှိအခြေအနေအရ ရှားတောမြို့နယ် တခုတည်းမှာ မဟုတ်ဘဲ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတွေမှာလည်း အလားတူ အရေပြားရောဂါတွေ ခံစားနေရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က DVB ကို ပြောပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013