မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကာလရှည် စစ်ဘေးရှောင်ပြည်သူ ထောင်နဲ့ချီပြီး အရေပြားရောဂါ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင် ဦးဖိုးစိုးက “ကျနော်တို့ စစ်ဘေးရှောင်နေကြရတာဟာ ၁ နှစ်နဲ့ ၆ လလောက် ရှိနေပါပြီ။ ကျနော်တို့ စစ်ရှောင်စခန်းတွေမှာ အရေပြားရောဂါ ဖြစ်ပွားနေသူတွေက ဦးရေ ၁,၀၀၀ ဝန်းကျင်လောက် ရှိနေပါတယ်။ အရေပြားရောဂါတွေ စတင်ခံစားနေရတာကတော့ ကျန်ခဲ့တဲ့ ၆ လလောက်ကတည်းကစပြီး အခုထိပါပဲ။ ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေမှာက ဆေးဝါးအပြင် ဆေးကုသပေးမဲ့ ဆရာဝန်တွေလည်း ပြည့်စုံလုံလောက်မှု မရှိသေးပါဘူး။ အခုလို အရေပြားရောဂါတွေ ဖြစ်ပွားနေတာဟာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဖြစ်တာလို့ ယူဆရပါတယ်” လို့ ပြောပါတယ်။
ပေါက်မြို့နယ်အတွင်း တောတောင်တွေကြားက ကာလရှည် စစ်ဘေးရှောင်စခန်းတွေမှာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အပြင် ရေလုံလောက်စွာ မရရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ပေါက်မြို့နယ်ထဲက ကျေးရွာပေါင်း ၁၁ ရွာမှာရှိတဲ့ အိမ်ခြေပေါင်း ၉၀၀ ကျော်က ပြည်သူ ၄၀,၀၀၀ ကျော်ဟာ ကာလရှည် စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ပေါက်မြို့နယ် လူသားစာနာတာဝန်ခံက “ပေါက်မြို့နယ်ထဲက ကပစ ၂၄ ရဲ့ အနောက်တောင်ဘက် ဇုန် ၁ က ရွာ ၁၁ ရွာလောက် စစ်ဘေးရှောင်နေကြရတဲ့အထဲမှာ ရွာ ၄ ရွာလောက်က မွေးကင်းစကလေးတွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ဝန်းကျင်လောက်ဟာ အရေပြားရောဂါ ခံစားနေကြရတာပါ။ အခုလို စစ်ရှောင်ပြည်သူတွေ အရေပြားရောဂါ ခံစားနေကြရတယ် ဆိုတာကို ကျန်ခဲ့တဲ့ တလခွဲလောက်ကမှ သိခဲ့ရတယ်ဗျ။ အချင်းချင်းတွေ ကြိတ်ပြီး ကုနေကြရင်း မနိုင်တဲ့အခါမှ သိရတယ် ဆိုပါတော့ဗျာ။ သိသိချင်းပဲ ကျန်းမာရေးအဖွဲ့တွေနဲ့ တခြားအဖွဲ့တွေ ပေါင်းပြီး အလှူခံရငွေ ၁၂ သိန်းလောက်နဲ့ ဆေးဝါးထောက်ပံ့ပေးမှုတွေနဲ့ ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်” လို့ ပြောပါတယ်။
ပေါက်မြို့နယ်အတွင်းက ကာလရှည် စစ်ဘေးရှောင်ပြည်သူတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။
စစ်တပ်က ပေါက်မြို့နယ်အတွင်းကို မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာအပြင် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။





