
မကြာခင် တက်ရောက်ကြရမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တနေ့တာ နေ့တွက်စရိတ်ကို စစ်ခေါင်းဆောင်က တိုးပေးလိုက်ကြောင်း ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ဥပဒေပုဒ်မ ၆ ပါ အရင်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရက် တည်းခိုနေထိုင်စရိတ်ဖြစ်တဲ့ ကျပ် ၅,၀၀၀ အစား ကျပ် ၈,၀၀၀၊ တခြားအသုံးစရိတ် ကျပ် ၅,၀၀၀ အစား ကျပ် ၇,၀၀၀ ဆိုပြီး ပြင်ဆင်ပေးလိုက်တာပါ။
ဒါ့အပြင် ဥပဒေပုဒ်မ ၈ ပါ ကျပ် ၁၀,၀၀၀ ကိုလည်း ကျပ် ၂၀,၀၀၀ လို့ ပြင်ဆင် သတ်မှတ်ပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲတွေအပြီး လွှတ်တော်တက်ရမဲ့ ကိုယ်စားလှယ်တွေ နေထိုင်ဖို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကိုလည်း ပြင်ဆင်နေတာ ပြီးစီးတော့မယ်လို့လည်း သိရပါတယ်။


