
“အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားသည်” Born in the U.S.A ဆိုတဲ့ ဂန္ထဝင်ရော့ခ်သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ ဝါရင့်ရော့ခ်အဆိုတော်ကြီး ဘရုစ်စပရင်းစတင်းရဲ့ နိုင်ငံရေးသီချင်းအသစ် Streets of Minneapolis “မင်နီယာပိုလစ်လမ်းမများ” ဟာ ထွက်ရှိပြီး ၁၀ နာရီအတွင်း အင်တာနက်ပေါ် သန်းနဲ့ချီ လူကြိုက်များ ရေပန်းစားနေပါတယ်။
ဒီသီချင်းဟာ လတ်တလော မင်နီယာပိုလစ်မြို့မှာ ပွဲဆူနေတဲ့ အမေရိကန် လဝကဝန်ထမ်း ICE အေးဂျင့်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ဝေဖန်ထားပြီး အေးဂျင့်တွေ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဆေးရုံ ICU သူနာပြု Alex Pretti နဲ့ ကဗျာဆရာမ Renee Good တို့အကြောင်းကို ရည်ညွှန်းရေးဖွဲ့ထားတာပါ။
“ဘုရင်ထရမ့်ပ်ရဲ့ ကိုယ်ပိုင်စစ်တပ် DHS”၊ “နှင်းပေါ်က လူသတ်မှု”၊ “နိုင်ငံသားတွေရဲ့ တရားမျှတမှု”၊ “ငါတို့မြေအတွက် အတူရပ်တည်ကြမယ်”၊ “၂၀၂၆ ဆောင်းရာသီမှာ သေဆုံးသွားသူတွေရဲ့ နာမည်တွေကို ငါတို့ အမြဲသတိရနေမယ်” စတဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ စာသားတွေ ပါဝင်တဲ့ ဒီသီချင်းဟာ ထွက်ရှိပြီး ပထမ ၈ နာရီအတွင်း YouTube ပေါ်မှာ လူ ၁ သန်းကျော် နားထောင်ပြီး ရေပန်းအစားဆုံးဂီတ chat စာရင်းမှာ နံပါတ် ၉ ချိတ်နေပါတယ်။
ဘရုစ်စပရင်းစတင်းက “ဒီသီချင်းကို စနေနေ့မှာ ရေးတယ်၊ မနေ့က အသံသွင်းတယ်၊ ဒီနေ့ပဲ ထုတ်လုပ်တယ်၊ ဒီသီချင်းဟာ မင်နီယာပိုလစ်က အဖြစ်အပျက်တွေ၊ အပြစ်မဲ့ ရွှေ့ပြောင်းခိုလှုံသူ မိတ်ဆွေတွေနဲ့အတူ အသက်သေဆုံးခဲ့ရသူတွေကို ရည်ညွှန်းတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဂရမ်မီ တေးဂီတဆု ၂၀ အပါအဝင် ဖီလစ်ဒါးဖီယားလမ်းမများ ရုပ်ရှင်ဇာတ်ဝင်သီချင်းနဲ့ အော်စကာ တေးဂီတဆုတွေပါ ဆွတ်ခူးထားတဲ့ ဘရုစ်စပရင်းစတင်းဟာ နိုင်ငံရေးသီချင်းအများအပြားနဲ့လည်း လူသိများပါတယ်။
(ICE Out) ICE ထွက်သွားလို့ သံပြိုင်ဟစ်ကြွေးထားတဲ့ အခုသီချင်းနဲ့ ရေပန်းစားနေတဲ့ ဂန္ထဝင်ရော့ခ်အဆိုတော် ဘရုစ်စပရင်စတင်းဟာ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ အရင်ကလည်း အပြန်အလှန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
သူ့ကို “ခြောက်ခန်းသွားတဲ့ရော့ခ်ကာ”၊ “တန်ဖိုးမရှိတော့သူ” လို့ ထရမ့်ပ်က ရန်ထောင်ခဲ့သလို “အမေရိကားဟာ အကျင့်ပျက် သစ္စာဖောက် အစိုးရလက်ထဲ ရောက်နေပြီ” လို့ ဘရုစ်စပရင်းစတင်းက ဂီတပွဲတခုမှာ ဝေဖန်သွားခဲ့ဖူးပါတယ်။


