
အမေရိကန် ဝါရင့်ရော့ခ်ဂီတအဆိုတော်ကြီး ဂျွန်ဘွန်ဂျိုဗီဟာ အသံကြိုး ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ၃ နှစ်ကြာမှာ စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်အတွက် “Forever Tour” လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲခရီးစဉ်ကို ကြေညာလိုက်ပါတယ်။
ဒီဖျော်ဖြေပွဲခရီးစဉ်ကို လာမယ့်နှစ် ဇူလိုင် ၇ ရက်မှာ နယူးယောက်မြို့ရဲ့ Madison Square Garden မှာ စတင်မှာဖြစ်ပြီး အီဒင်ဘာ့ဂ်၊ ဒပ်ဘလင်နဲ့ လန်ဒန်မြို့တွေမှာလည်း ဖျော်ဖြေပွဲတွေ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ဗြိတိန်နဲ့ အိုင်ယာလန်မှာ ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေတာလည်း ဖြစ်ပါတယ်။
ဘွန်ဂျိုဗီဟာ ၂၀၂၂ ခုနှစ်မှာ အသံကြိုးခွဲစိတ်မှုခံယူခဲ့ရပြီး အဆိုတော်တယောက်အနေနဲ့ စင်မြင့်ထက် ပြန်လည်ရပ်တည်နိုင်ဖို့အတွက် အချိန်အတော်ကြာ အသံပြန်လည်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။
အသက် ၆၃ နှစ်အရွယ် အဆိုတော်ကြီး ဘွန်ဂျိုဗီက သူ့ရဲ့ ပြန်လည်ထူထောင်ရေးကာလကို ဘောလုံးသမားတယောက် ခြေထောက်ကျိုးရာကနေ ပြန်လည်လေ့ကျင့်ရသလိုပဲလို့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
ဘွန်ဂျိုဗီက “ပြန်လည်ထူထောင်ရေး အများကြီး လုပ်ခဲ့ရပါတယ်။ ဒါက အားကစားသမား တယောက်လို မျိုးပါပဲ။ ဘာလို့လဲဆိုတော့ ပြန်လေ့ကျင့်နေရတာလေ၊ ဘောလုံးသမားတယောက် ကွင်းထဲမှာ ခြေထောက်ကျိုးသွားသလိုပေါ့။ သူ ပြန်ပြေးနိုင်တဲ့အထိ ဖြည်းဖြည်းချင်း လမ်းပြန်လျှောက်ရပါတယ်” လို့ ပြောပါတယ်။
ပြန်လည်ဖျော်ဖြေဖို့ သူဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဘွန်ဂျိုဗီက “စင်ပေါ်ကို ပြန်တက်ဖို့က စိတ်ဓာတ်ခွန်အား မဟုတ်ခဲ့ပါဘူး။ စိတ်ဓာတ်ခွန်အား ဆိုတာ သီချင်းတပုဒ် ရေးပြီးတဲ့အခါ အဲဒီဂီတရဲ့ အသံလှိုင်းတွေနဲ့ တီးဝိုင်းကြားမှာ ခံစားရတဲ့ ပဲ့တင်ရိုက်ခတ်မှု (ဆက်သွယ်မှု) နဲ့ ခင်ဗျားရယ်၊ တီးဝိုင်းရယ်၊ ပရိသတ်ရယ်ကြားက ဆက်သွယ်မှုကို ခံစားရတဲ့အချိန်မှာ ဖြစ်ပေါ်တာပါ” လို့ ပြောကြားခဲ့ပါတယ်။
လာမယ့် ဖျော်ဖြေပွဲခရီးစဉ်ဟာ ရော်ဘီဝီလျံ၊ ဘရုစ်စပရင်းစတင်းနဲ့ အက်ဗေးလ် လာဗင်းတို့လို အဆိုတော်တွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ "Forever (Legendary Edition)" အယ်လ်ဘမ်သစ် ထွက်ရှိတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဘွန်ဂျိုဗီနဲ့ သူ့ရဲ့ တီးဝိုင်းအဖွဲ့ဟာ ၁၉၈၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး “Livin' on a Prayer”၊ “Always” နဲ့ “It's My Life” တို့လို သီချင်းတွေနဲ့ နာမည်ကျော် လူသိများခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


