Home
နိုင်ငံတကာ
တရားရုံးအမိန့်ချပြီးနောက်မှာ ဟောင်ကောင်ဆန္ဒပြ သီချင်းဗီဒီယိုကို YouTube က ပိတ်ပင်
DVB
·
May 16, 2024
HongKongProtest_16052024

အွန်လိုင်းဗီဒီယိုတင် ပလက်ဖောင်းတခုဖြစ်တဲ့ YouTube ဟာ တားမြစ်ထားတဲ့ အကြောင်းအရာလို့ ယူဆရတဲ့ ဗီဒီယိုလင့်ခ် ၃၂ ခုကို ဟောင်ကောင်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာဖြစ်ကြောင်း မေ ၁၄ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ လုံခြုံရေးတင်းကျပ်မှုတွေ အကြားမှာပဲ ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်မှာ လွတ်လပ်မှုတွေကို ထိုးနှက်ချက်တခုဖြစ်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

“Glory to Hong Kong” အမည်ရှိ ဆန္ဒပြ နိုင်ငံတော်သီချင်းကို ပိတ်ပင်ဖို့ ဟောင်ကောင် အယူခံတရားရုံးက ခွင့်ပြုခဲ့ပြီး အစိုးရရဲ့ တောင်းဆိုချက်အပြီးမှာ ခုလို အရေးယူ ဆောင်ရွက်ခဲ့တာပါ။

ခွဲထွက်ရေးကို လှုံ့ဆော်လိုတဲ့ အတိုက်အခံတွေဟာ ဒီသီချင်းကို နိုင်ငံတော်ကိုဆန့်ကျင်တဲ့ လက်နက်အဖြစ် အသုံးပြုနိုင်ကြောင်း တရားသူကြီးတွေက သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာက တရားဝင် နိုင်ငံတော်သီချင်း မရှိပါဘူး။ “Glory to Hong Kong” သီချင်းကို ဒီမိုကရေစီ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲ့ နိုင်ငံတော်သီချင်းဖြစ်တဲ့ March of the Volunteers သီချင်းအစား တရားဝင် မဟုတ်တဲ့ တခြားရွေးချယ်စရာ သီချင်းတပုဒ်လည်း ဖြစ်လာပါတယ်။

မေ ၁၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က “ခွဲထွက်ရေး လှုံ့ဆော်ခြင်းနဲ့ နိုင်ငံတော်သီချင်းကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာသီချင်းကို အသုံးပြုခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကို ရပ်တန့်ဖို့က ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ လုပ်ဆောင်ရမယ့် တရားဝင်ပြီး လိုအပ်တဲ့ အစီအမံတခုဖြစ်ပြီး နိုင်ငံ့လုံခြုံရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရမယ့် သူ့ရဲ့တာဝန်ကို ကျေပွန်စေရမှာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

တရားရုံးအမိန့်ကို ဝေဖန်တဲ့ မှတ်ချက်တွေမှာတော့ ဒီစီရင်ချက်ဟာ ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်မယ့် ဟောင်ကောင်အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် သံသယတွေ တိုးလာစေမှာဖြစ်ပြီး စီးပွားရေး လုပ်ဆောင်ဖို့အတွက် ကြိုစဉ်းစားထားတဲ့ နေရာတခုအဖြစ် သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ယူရမှာဖြစ်တယ်လို့ YouTube က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013