လုံးဝန်းတဲ့ ဦးခေါင်းလေးနဲ့ အမြဲပြုံးနေတဲ့ မဲခေါင်ဒေသရဲ့ အပြုံးပိုင်ရှင်လေးတွေ ဖြစ်တဲ့ ဧရာဝတီလင်းပိုင်လေးတွေဟာ မျိုးသုဉ်းမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ရွာက ဒေသခံ ရေလုပ်သားတွေရဲ့ ပိုက်ကွန်ထဲ ဖမ်းမိခဲ့တဲ့ မျိုးသုဉ်းမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီ လင်းပိုင်လေးတကောင်ကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။
ကြိမ်မဲတောင်ရွာဒေသခံ ငြိမ်းထက်အောင်က “ကျနော်တို့ ဒေသအခေါ် လင်းရှူးပေါ့ဗျာ၊ လင်းရှူးတကောင် ပိုက်မှာမိထားလို့ ပြန်လွှတ်ပေးဖို့ လုပ်နေတာနဲ့ ကျနော်လည်း မှတ်တမ်းယူထားလိုက်တာပေါ့ဗျာ။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ တွေ့နေကျပေါ့၊ ရွာရှေ့မျက်နှာစာ ရေပြင်ထဲမှာလည်း တွေ့ရတယ်၊ သုံးကောင် တအုပ်စု၊ လေးကောင်တအုပ်စု တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်း တွေ့ရတာ နည်းလာတယ်ဗျ။ ရှိတော့ ရှိပါတယ်။ ကျနော်ကတော့ဗျာ လူတွေကို သိစေချင်တယ်၊ ဒါက ရှားပါးမျိုးစိတ်တခု ဖြစ်တယ်။ ကျနော်တို့ ထိန်းသိမ်းသင့်တယ်၊ ကာကွယ်သင့်တယ်။ အကယ်လို့ အခုလိုမျိုး ပိုက်မှာမိလာရင်လည်း ပြန်လွှတ်ပေးသင့်တယ်ပေါ့။ အဲဒီလို သိစေချင်တယ်” လို့ ပြောပါတယ်။
ဧရာဝတီလင်းပိုင် ဆိုတာကတော့ ကမ္ဘာမှာ ၄ မျိုးသာ ကျန်ရှိတော့တဲ့ ရေချိုလင်းပိုင်ငါးတွေထဲမှာ ရှားပါးမျိုးနွယ်ဝင်တမျိုး ဖြစ်ပါတယ်။
ဧရာဝတီလင်းပိုင်တွေကို ဧရာဝတီမြစ်ထဲမှာ စတင်တွေ့ရှိခဲ့တာကြောင့် တကမ္ဘာလုံးမှာရှိတဲ့ ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီလင်းပိုင် ဆိုပြီး စတင်တွေ့ရှိခဲ့ချိန်မှာ ခေါ်ဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီ ဧရာဝတီလင်းပိုင်လေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ရှင်သန်နေတဲ့မျိုးစိတ် ဖြစ်ပြီးတော့ အေဒီ ၈၀၀ က တရုတ်ရှေးဟောင်းမှတ်တမ်းတွေမှာ “River Pig”၊ “မြစ်ဝက်” တွေအဖြစ် မှတ်တမ်းတင်ထားခဲ့တာကို တွေ့ရပါတယ်။
အရင်က အိန္ဒိယကနေ အရှေ့တောင်အာရှနဲ့ ပါပူဝါနယူးဂီနီအထိ ကျက်စားခဲ့ကြပေမဲ့ အခုခါမှာတော့ မြန်မာနိုင်ငံက ဧရာဝတီမြစ်၊ လာအိုနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ မဲခေါင်မြစ်နဲ့ အင်ဒိုနီးရှားမှာရှိတဲ့ မဟာခမ်မြစ် စတဲ့ မြစ် ၃ စင်းမှာပဲ တွေ့ရတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီ ဧရာဝတီလင်းပိုင်လေးတွေဟာ မြန်မာမှာပဲရှိတဲ့၊ ဧရာဝတီမှာပဲရှိတဲ့ လင်းပိုင်လေးတွေလို့ မှတ်ယူမထားစေချင်ပါဘူး။
နောက်ပြီး ရေချို ရေငန် စပ်တဲ့ ကမ်းရိုးတန်းတလျှောက် ရေတိမ်ပိုင်းမှာလည်း နေထိုင်တာကြောင့် မြန်မာမှာဆိုရင် ဧရာဝတီမြစ်ထဲသာမက တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်နဲ့ ဧရာဝတီတိုင်းတွေမှာ မြင်တွေ့နိုင်ပါတယ်။
နောက်ပြီး ဒီ ဧရာဝတီလင်းပိုင်လေးတွေရဲ့ သွင်ပြင်က တခြား လင်းပိုင်မျိုးစိတ်တွေလို နှာတံရှည်ရှည် မရှိကြပါဘူး။
ဒါပေမဲ့ သူတို့ရဲ့ လုံးဝန်းတဲ့ ဦးခေါင်းနဲ့ အမြဲပြုံးနေတဲ့ မျက်နှာသွင်ပြင်ကြောင့် မဲခေါင်ဒေသရဲ့ အပြုံးပိုင်ရှင်လေးများလို့ ညွှန်းဆိုခံကြရပါတယ်။
ဒီအပြုံးပိုင်ရှင် ဧရာဝတီ လင်းပိုင်လေးတွေဟာ မျိုးသုဉ်းမဲ့အန္တရာယ်ကို ရင်ဆိုင်နေရတာပါ။ အဓိက ခြိမ်းခြောက်မှုကတော့ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ရွှေတူးဖော်တဲ့လုပ်ငန်းနဲ့ သောင်တူးတဲ့ လုပ်ငန်းတွေက အနည်တွေကလည်း လင်းပိုင်လေးတွေရဲ့ ကျက်စားရာ နေရာတွေကို ပျက်စီးစေပါတယ်။
Native Species Conservation & Identification အဖွဲ့တာဝန်ရှိသူတယောက်က “ဒီ ဧရာဝတီလင်းပိုင်တွေအတွက် အဓိကခြိမ်းခြောက်မှုက လူပေါ့။ ဘာလို့လဲဆိုတော့ သဘာဝထဲမှာ ဧရာဝတီလင်းပိုင်လေးတွေကို သတ်တယ်၊ စားတယ်ဆိုတဲ့ အကောင်က ရှားတယ်ပေါ့နော်။ သဘာဝထဲမှာ ဒီဧရာဝတီလင်းပိုင်လေးတွေကို အန္တရာယ်ပေးနိုင်တဲ့ တခြားတိရစ္ဆာန်က ရှားတယ်။ မရှိဘူး မဟုတ်ဘူး၊ ရှိတော့ရှိတယ်၊ ဒါပေမဲ့ ရှားတယ်။ အဓိကကတော့ သူတို့ကို အန္တရာယ်ပေးနိုင်တာက လူတွေပေါ့။ လူတွေကပဲ သူတို့ကို အန္တရာယ်ပေးနိုင်တယ်။ လူတွေကြောင့်ပဲ အဓိက သေဆုံးရတယ်ပေါ့နော်။ ရှော့တိုက်တာတွေ ရှိမယ်၊ ပိုက်ကွန်တွေ၊ ပိုက်တွေ၊ ကြိုးတွေနဲ့ ညိနေတာရှိတယ်၊ လူ့ပယောဂကြောင့် သေဆုံးရတာတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒီဧရာဝတီလင်းပိုင်လေးတွေဟာ ဧရာဝတီမြစ်ထဲ ငါးဖမ်းတဲ့ ရေလုပ်သားတွေအတွက် ကူညီပြီး ငါးဖမ်းပေးလေ့ ရှိကြပါတယ်။
ရေလုပ်သား၊ တံငါသည်တွေဟာ သစ်သားချောင်းနဲ့ လှေကို ခေါက်ရင် လင်းပိုင်တွေဟာ လှေနား တိုးကပ်လာတတ်ကြပါသေးတယ်။ ဒီလိုမျိုး အတူပူးပေါင်းငါးဖမ်းပေးတဲ့ ဓလေ့ဟာဆိုရင် မြန်မာတနိုင်ငံတည်းမှာသာရှိတဲ့ ထူးခြားတဲ့ ဂုဏ်ယူစရာ ဒြပ်မဲ့ယဉ်ကျေးမှုတခုလည်း ဖြစ်ပါတယ်။
ဒီဧရာဝတီလင်းပိုင်လေးတွေရဲ့ အကောင်ရေ အရေအတွက်ဟာ ၂၀၁၈ မှာ ၇၆ ကောင်၊ ၂၀၁၉ မှာ ၇၂ ကောင်၊ ၂၀၂၀ ဇွန်လကုန်အထိတော့ ၇၉ ကောင် ရှိပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်ကောင်ရေစစ်တမ်း ကောက်ယူနိုင်တာ မရှိတော့ပါဘူး။
Native Species Conservation & Identification အဖွဲ့တာဝန်ရှိသူတယောက်က “အခုကတော့ ဒီဧရာဝတီ လင်းပိုင်လေးတွေနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်တော့ လုပ်နေတယ်။ လုပ်တော့ လုပ်နေပေမဲ့ ဒီ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာတော့ စာရင်းကောက်တာမျိုးတွေ၊ မှတ်တမ်းတင်တာမျိုးတွေ လုပ်နိုင်ဖို့ အားနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးကလည်း လုံခြုံရေးအရ ဆိုတော့။ တကူးတကသွားဖို့ မလွယ်ဘူးပေါ့။ ၂၀၂၀ နောက်ပိုင်းမှာ လူတွေသွားဖို့ ခက်ခဲတဲ့ နေရာတွေမှာတော့ အကောင်ရေစာရင်း ကောက်နိုင်မှုတွေက နည်းသွားတာပေါ့။ ဒါပေမဲ့ အရမ်းသိသိသာသာကြီး အကောင်ရေ ကျဆင်းသွားတာမျိုးတော့ မရှိဘူးထင်ပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်လေးတွေကို မန္တလေးကနေ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထိ ဧရာဝတီမြစ်ကြောင်းတလျှောက် ဧရိယာ ၂ ခု သတ်မှတ်ပြီး စောင့်ရှောက်နေကြတာလည်း ဖြစ်ပါတယ်။
ဒီလို ချစ်စရာ အပြုံးပိုင်ရှင် ဧရာဝတီလင်းပိုင်လေးတွေဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်ထဲမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဧရာဝတီလင်းပိုင်ရယ်လို့ နာမည်ပေးခဲ့တာမို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူစရာ ဖြစ်သလို ဒီဧရာဝတီ လင်းပိုင်လေးတွေကို မျိုးတုံးမဲ့အန္တရာယ်၊ လူနဲ့ လင်းပိုင် အတူ ငါးဖမ်းတဲ့ အလေ့အထ ဒြပ်မဲ့ယဉ်ကျေးမှု ပျောက်ကွယ်မဲ့ အန္တရာယ် စတာတွေကနေ ကာကွယ်ကြဖို့နဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်မှု၊ စက်ရုံအလုပ်ရုံက အညစ်အကြေးတွေ၊ လျှပ်စစ်ရှော့တိုက်မှုတွေ၊ ငါးဖမ်းပိုက်ကွန်တွေကြောင့် ဧရာဝတီလင်းပိုင်လေးတွေ အန္တရာယ် မကျရောက်စေဖို့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။
မြတ်သဇင်




