Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးဆုံး ပန်းမျိုးစိတ် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ 
DVB
·
September 20, 2023
Rafflesia (

ကမ္ဘာ့အကြီးဆုံး ပန်းမျိုးစိတ်ဖြစ်တဲ့  နာမည်ကျော် Rafflesia (ရက်ဖဲလ်ရှား (ခ) ရက်ဖ်လီဆီယာ) ပန်းမျိုးစိတ်အများစုဟာ အခုအခါ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိကြောင်း သုတေသနတွေ့ရှိချက် အသစ်က စက်တင်ဘာ ၂၀ ရက်မှာ သတိပေးထားပါတယ်။

တကယ်တော့ Rafflesia ဧရာမ ပန်းပွင့်ကြီးတွေ ဟာ အပူပိုင်း စပျစ်နွယ်ပင်တွေကို ကူးစက်ပြီး ကြီးမားတဲ့ပန်းပွင့်တွေကို ထုတ်ပေးတဲ့ ကပ်ပါးပိုးတမျိုး ဖြစ်ပါတယ်။

ကြီးမားတဲ့  အစက်အပြောက် အနီရောင်ပွင့်ဖူးတွေနဲ့ စိတ်ကူးစိတ်သန်းကို ကြာရှည်စွာ ဖမ်းစားနိုင်ခဲ့တဲ့ Rafflesia ဟာ အမှန်တကယ်မှာ ကပ်ပါးကောင်ဖြစ်ပြီး အရှေ့တောင်အာရှရဲ့ နေရာအနှံ့အပြားက အပူပိုင်းစပျစ်နွယ်ပင်တွေမှာ ရှင်သန်ကာ ပန်းပွင့်ကြီးတွေကို ထုတ်ပေးပါတယ်။

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂရဲ့ အဆိုအရ ပန်းမျိုးစိတ်တမျိုးဟာ လက်ရှိမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အဆင့်အဖြစ် သတ်မှတ်ခံထားရပါတယ်။

အပင်နဲ့ သူ့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့ နိုင်ငံတကာ ရုက္ခဗေဒပညာရှင် အဖွဲ့တဖွဲ့ဟာ လူသိများတဲ့ Rafflesia မျိုးစိတ် ၄၂ မျိုးနဲ့ သူတို့ ပေါက်ရောက်တဲ့ အဓိကနေရာတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကို စစ်ဆေးခဲ့ပါတယ်။

သစ်တောတွေ လျှင်မြန်စွာ ပျောက်ကွယ်သွားတာအပြင် လုံလောက်တဲ့ ထိန်းသိမ်းရေး ဗျူဟာတွေနဲ့ ကာကွယ်မှုအစီအစဉ်တွေ မလုံလောက်တာကြောင့် အဆိုပါအပင်ဟာ အရင်က သိထားတာထက် မျိုးတုံးမှုအန္တရာယ် ပိုများနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

“Rafflesia မျိုးစိတ်တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မျိုးသုဉ်းဖို့ ဆိုးရွားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကျွန်ုပ်တို့ ခန့်မှန်းထားပါတယ်” လို့ စက်တင်ဘာ ၂၀ ရက်မှာ သုတေသီတွေက Plants, People, Planet ဂျာနယ်မှာ ထုတ်ဝေတဲ့ လေ့လာမှုမှာ ရေးသားထားပါတယ်။

တချို့မျိုးစိတ်တွေဟာ သိပ္ပံပညာကို မသိရှိမီ မျိုးသုဉ်းသွားမယ့် အန္တရာယ်ရှိကြောင်း လေ့လာမှုက ပြောကြားခဲ့ပြီး ပုံမှန်မဟုတ်တဲ့အပင်ကို သုတေသနပြုဖို့ ထပ်မံတိုက်တွန်းခဲ့ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ရုက္ခဗေဒဥယျာဉ်က လက်ထောက်ညွှန်ကြားရေးမှူး ခရစ်သိုရိုဂွတ်ဒ် က “ကမ္ဘာ့အထင်ကရအရှိဆုံး ပန်းတချို့ကို ကယ်တင်ဖို့ ပေါင်းစည်းပြီး ဒေသတွင်း ချဉ်းကပ်မှုတခု အရေးပေါ်လိုအပ်နေပါတယ်။ အများစုဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ” လို့ ပြောကြားခဲ့ပါတယ်။

မျိုးစိတ်တွေနဲ့ ဂေဟစနစ်တွေ ပျောက်ဆုံးမှုကို နှေးကွေးစေမယ့် အထင်ကရ သဘောတူညီချက်နဲ့ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင်ရဲ့ ၃၀ ရာခိုင်နှုန်းကို ကာကွယ်ဖို့ နိုင်ငံတွေက ကတိပြုခဲ့ကြပါတယ်။

ရာသီဥတုဖောက်ပြန်ခြင်းနဲ့ လူသားတွေက ဖြစ်ပေါ်စေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းရဲ့ ခြိမ်းခြောက်မှုနှစ်ခုဟာ ကမ္ဘာတဝန်းက ဇီဝမျိုးစုံမျိုးကွဲတွေကို သိသိသာသာ လျော့နည်းသွားစေတယ်လို့ ထပ်ခါတလဲလဲ လေ့လာမှုတွေက သတိပေးထားပါတယ်။

Source-AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013