Home
နိုင်ငံတကာ
ဂါဇာရှိ နောက်ဆုံးဓားစာခံ၏ ရုပ်ကြွင်း အစ္စရေး ပြန်ရောက်
DVB
·
January 27, 2026
Photo: REUTERS / CHANNEL 13 / KAN / SOCIAL MEDIA WEBSITE / ISRAELI POLICE

ဂါဇာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ဓားစာခံ အစ္စရေးရဲအရာရှိ ရန်ဂဗီလီရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်ရရှိခဲ့ပြီးနောက် အစ္စရေးသမ္မတ အိုက်ဇက် ဟဲရ်ဇော့ဂ်နဲ့ သူ့ဇနီး မီခါလ် တို့ဟာ  ဇန်နဝါရီ ၂၆ ရက်က သမ္မတအိမ်တော်မှာ နောက်ဆုံးကျန်ရှိတဲ့ ဓားစာခံသင်္ကေတ အဝါရောင်အမှတ်အသားတွေကို ဖယ်ရှားခဲ့ပါတယ်။ 

သမ္မတနဲ့ သမ္မတကတော်တို့ဟာ ရန်ဂဗီလီရဲ့ မိဘနှစ်ပါးဖြစ်တဲ့ တာလစ်နဲ့ အစ်ဇစ် ဂဗီလီ တို့ကိုလည်း  ဖုန်းနဲ့ စကားပြောဆိုခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ဟာ တောင်ပိုင်း အစ္စရေးတွေအပေါ် ဦးဆောင်တိုက်ခိုက်ခဲ့ချိန်မှာ အသက် ၂၄ နှစ်အရွယ် ဂဗီလီဟာ ညှပ်ရိုးကျိုးပြီး နေအိမ်မှာ ဆေးခွင့်ယူနေတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ဂဗီလီဟာ တောင်ပိုင်းနယ်စပ်ကို အပြေးအလွှား သွားရောက်ခဲ့ပြီး တိုက်ပွဲဝင်ခဲ့ရာမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီးတော့ သူ့ကို ကစ်ဘ်ဘုဇ် အလူမင်းမ် ဒေသမှ ဂါဇာကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံရတာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီကတည်းက ဂဗီလီဟာ သိပ်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးလို့ အစ္စရေးအာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း ဂဗီလီရဲ့မိခင် အစ်ဇ်တစ်ခ် ဂဗီလီက ပြောပြပါတယ်။

တခြား သက်ရှိ၊ သက်မဲ့ ဓားစာခံတွေ အစ္စရေးကို ပြန်ရောက်လာချိန် သူ့သား ပြန်မရောက်လာသေးတဲ့အတွက် ဝမ်းနည်းကြေကွဲနေခဲ့ပြီး သူ့သားအလောင်းကိုတော့ အစ္စရေးအစိုးရက ချန်ထားခဲ့မှာမဟုတ်ဘူးလို့ ယုံကြည်ထားကြောင်းလည်း ပြောပါတယ်။ သူ့ရဲ့သားဟာ သူရဲကောင်းတယောက်ပါလို့လည်း ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

ဟားမတ်စ်ကို အစ္စရေးက လက်တုံ့ပြန်ချေမှုန်းတဲ့ စစ်ပွဲ ၂ နှစ်တာအတွင်း ဂဗီလီရဲ့ ရုပ်ကြွင်းတွေလည်း ဂါဇာမှာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ ရက်ပေါင်း ၈၄၀ ကျော်ကြာ အလောင်းထားခံခဲ့ရတဲ့ ရဲအရာရှိ ဂဗီလီရဲ့ ရုပ်ကြွင်းတွေကို အစ္စရေးက ပြန်လည်ဖော်ထုတ်ရရှိခဲ့ကြောင်း စစ်တပ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီးနောက် မြှုပ်နှံဖို့အတွက် ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ကြောင်း စစ်တပ်က ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။

ဂဗီလီရဲ့ ရုပ်ကြွင်းတွေအတွက် ရှာဖွေမှုလုပ်ငန်းစဉ် ပြီးစီးတာနဲ့ ကမ္ဘာကို အဓိကဝင်ပေါက်ဖြစ်တဲ့ အီဂျစ်နဲ့ ထိစပ်နေတဲ့ ဂါဇာရဲ့ ရာဖာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ အစ္စရေးက ပြောကြားထားတာပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ နတ်ဆတ် ပါလီမန်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ရန် ဂဗီလီရဲ့ ရုပ်ကြွင်းတွေ ပြန်ရလာပြီးနောက် ဂါဇာမှာ ဓားစာခံတွေ မကျန်နေတော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဂါဇာမှာ အဖမ်းခံထားရတဲ့ အသက်ရှင်သူရော သေဆုံးပြီးသူတွေ အပါအဝင် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်ရဲ့ ပထမအဆင့်အတွက် အဓိကလိုအပ်ချက်တခုကို ပြီးမြောက်သွားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013