
ဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစီလန်ပြည်နယ်ကမ်းလွန်မှာ လူ ၃၅၀ ကျော် တင်လာတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောတစင်း တိမ်းမှောက်ပြီး ဇန်နဝါရီ ၂၆ ရက် ဒီမနက်အထိ စာရင်းအရ ၃၁၆ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူ အနည်းဆုံး ၁၅ ယောက်ရဲ့ အလောင်းတွေကို ရရှိထားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။
MV ထရီရှာ ကာစတင်သရီး ခရီးသည်တင်သင်္ဘောဟာ ဇမ်ဘိုအန်ဂါမြို့ကနေ ထွက်လာပြီး ဆူလူပြည်နယ် ဂျိုလိုမြို့ဆီ ဦးတည်ခုတ်မောင်းနေတုန်း မနေ့ည သန်းခေါင်ယံအကျော်မှာ မတော်တဆ ဖြစ်ခဲ့တာပါ။
သင်္ဘောမှာ မှတ်တမ်းတင်ထားတဲ့ ခရီးသည် ၃၃၂ ယောက်နဲ့ သင်္ဘောသား ၂၇ ယောက် ရှိတယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် PCG က ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အကြီးအကဲ ရွန်နေးဂါဗန်က မနီလာမှာ သတင်းထောက်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လက်ရှိဆက်လုပ်နေတယ်လို့ ပြောပါတယ်။
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ဒူအာက ပြောပါတယ်။
ကျွန်းပေါင်း ၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ရေကြောင်းဘေးကင်းရေးမှတ်တမ်း အားနည်းချက်တွေ ရှိနေတဲ့ ကူးတို့သင်္ဘော မတော်တဆမှုတွေကြောင့် နှစ်စဉ် လူအများအပြား သေဆုံးလေ့ရှိပါတယ်။


