
အာဏာသိမ်းစစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံညှိနှိုင်းရေး အားသွန်ခွန်စိုက်လုပ်မဲ့ အစိုးရမျိုးဖြစ်ဖို့ကို ဦးကိုကိုကြီးက မျှော်လင့်နေပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာလုပ်နေပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သူဝင်ရောက်အရွေးခံတဲ့ လမ်းမတော်မြို့နယ်၊ ၂ ရပ်ကွက်၊ မဲရုံအမှတ် ၂ မှာ မနက်ပိုင်းက မဲလာရောက်ပေးခဲ့ပါတယ်။
မဲလာပေးချိန်မှာ မီဒီယာတွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၂၅ ရွေးကောက်ပွဲ ကွာခြားချက်ကို မေးမြန်းချိန်မှာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံညှိနှိုင်းရေး အားသွန်ခွန်စိုက်လုပ်မဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“၂၀၁၀ တုန်း အခြေအနေက အခုလောက် ပဋိပက္ခမရှိဘူး။ မရှိတော့ အနိုင်ရပါတီရဲ့ ဦးစားပေး အစီအစဉ်က ဖြေလျှော့တာပေါ့၊ လစ်ဗရယ်လိုက်ဇ် (ဖြေလျှော့မှု)လုပ်တဲ့ဟာကို ဦးစားပေးပြီး လုပ်သွားတော့ နိုင်ငံရေးအကျဉ်းသား လွှတ်တာတို့၊ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေ ပြန်ဝင်ခွင့်ရတာတို့၊ ပြီးတော့ စာပေစိစစ်ရေး ရုပ်သိမ်းတာတို့ အစရှိသဖြင့်ပေါ့ ပြောင်းလဲမှုတွေ အများကြီး တွေ့ခဲ့ရတယ်။ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ဆောင်ရွက်တာတွေက အစပေါ့။ အခုအခြေအနေက ၂၀၁၀ နဲ့ မတူတာက ပဋိပက္ခအရှိန် မြင့်တဲ့အခါကျတော့ ဦးစားပေး အစီအစဉ်က ၂၀၁၀ နဲ့ ကွာသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ဒီကာလမှာတော့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်။ တဘက်က တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာတွေ ဖြေရှင်းတဲ့ကိစ္စတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်မဲ့ လွှတ်တော်အစိုးရမျိုး ဖြစ်စေချင်တယ်။ ရင်ထဲက ဆန္ဒပါ၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီးတော့ ဘယ်လိုပေါ်ပေါက်လာမလဲ ဆိုတာကို စောင့်ကြည့်ရမယ့်သဘော ဖြစ်ပါတယ်။”
လက်တွေ့မှာ မဖြစ်နိုင်ပေမဲ့ လက်နက်ကိုင်တယောက်မှ မရှိရင် စစ်တပ်က ဘာအကြောင်းပြချက်နဲ့ ဆက်ရှိနေဦးမှာလဲ ဆိုတာမျိုးနဲ့ ဥပမာပေးပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။
“တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း တလျှောက်လုံး ပြောခဲ့တယ်။ နိုင်ငံရေးမှာ တပ်မတော်က လွှမ်းမိုးနေတဲ့ကိစ္စကို ကျနော်တို့ မကြိုက်ဘူး။ ဟိုတုန်းကလည်း မကြိုက်ဘူး၊ အခုလည်း မကြိုက်ဘူး၊ နောက်လည်း မကြိုက်ဘူး။ သို့သော် လုံခြုံရေးခြိမ်းခြောက်မှု လုံခြုံရေးအခြေအနေ မြင့်မားနေသမျှ ကာလပတ်လုံး တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း ဆက်ပြီး မြင့်မားနေလိမ့်မယ်။”
တဆက်တည်းမှာပဲ နိုင်ငံရေးအရ အဖြေရှာရင်းနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းသွားရင် တပ်မတော်ရဲ့ အခန်းကဏ္ဍလျော့ကျသွားအောင် ကြိုးစားသွားမယ်လို့ ဦးကိုကိုကြီးက ဆက်ပြောပါတယ်။
ဝေဝေ


