
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်နေတဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက နိုင်ငံရေး ပေါကားမရိုက်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ပြည်သူ့ပါတီရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတဲ့ မဲဆွယ်ရုပ်သံမှာ ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးကိုကိုကြီးက အခုလို ပြောသွားတာပါ။
"ဖယောင်းတိုင်ထွန်းပြီး အစည်းအဝေးလုပ်ပြတာတို့၊ စက်ဘီးနဲ့ ရုံးတက်ပြတာတို့၊ သန့်ရှင်းရေးလုပ်ပြတာတို့ဆိုတဲ့ အဲဒါမျိုးနိုင်ငံရေး ပေါကားမရိုက်ဘူး။”
ဒါ့အပြင် စစ်တပ်မကောင်းကြောင်းပြောရင် လုပ်ကြိုက်များမှာကို သိပေမဲ့လည်း ပြောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"လူအများ ကြိုက်ရင်ပြီးရော ဆိုတာမျိုး ကျနော်မလုပ်ဘူး။ ဥပမာအားဖြင့် စစ်တပ်မုန်းတီးရေး ပြောရင် လူကြိုက်များတယ်။ ကျနော်မပြောဘူး" လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ စစ်အုပ်စုကလုပ်တဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်နေတာဖြစ်ပြီး လက်ရှိမှာ အနိုင်ရတာ မရှိသေးပါဘူး။
ဦးကိုကိုကြီးအနေနဲ့ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ဖို့ ရှိနေပြီး သူဝင်ပြိုင်မဲ့ လမ်းမတော်မြို့နယ်ဟာ လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာလုပ်မဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်ပါတယ်။
လက်ရှိ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားတဲ့ အခြေအနေ ရှိနေပါတယ်။


