Home
မြန်မာသတင်း
နိုင်ငံတော် ICU ထဲရောက်နေပြီဟု ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးပြော
DVB
·
April 22, 2024
SONY DSC

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အရေးပေါ်အခြေအနေကို ရောက်လာပြီဖြစ်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မယ်လို့  ပြည်သူ့ပါတီဥက္ကဋ္ဌ  ဦးကိုကိုကြီးက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၁ ရက် နေ့လယ်က ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရွှေခေတ်မင်္ဂလာခန်းမမှာ “နိုင်ငံတော် နိုင်ငံသားနှင့် နိုင်ငံ့အရေး ဟောပြောဆွေးနွေးပွဲ”ခေါင်းစဉ်နဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်းဖြစ်တဲ့ ဦးကိုကိုကြီးက ပြောကြားခဲ့တာပါ။

ဦးကိုကိုကြီးက “နိုင်ငံတော်ဟာ ပြောရရင်တော့ အရေးပေါ်ကားပေါ်ရောက်နေပြီ၊ ICU ထဲရောက်နေပြီ။  ICU ထဲရောက်နေတဲ့အချိန်မှာ ထွန်းရွှေဝါလေး လိမ်းလိုက်ပါတို့၊ အဘထလေး ရှူလိုက်ပါတို့  သွားလုပ်လို့မရဘူး။ လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ လုပ်ရတော့မယ်။ ပြုပြင်ပြောင်းလဲမှုတွေ ကိုသိသိသာသာ လုပ်ရတော့မယ်။ လုပ်တဲ့အခါမှာ ကျနော်တို့က ဘာသေနတ်မှ ကိုင်တဲ့လူတွေမဟုတ်ဘူး၊ အပ်တိုတချောင်းတောင်မရှိဘူ။  ပါးစပ်နဲ့ပြောတာ အဆင်ပြေ တယ်ဆိုရင် သေနတ်ကိုင်စရာမလိုဘူး။ ပါးစပ်နဲ့ပြောတာကို ကျနော်တို့ ပြောလို့ဆိုလို့မရဘူး။ ဆွေးနွေးညှိနှိုင်းလို့မရဘူးဆိုရင် သေနတ်ကိုင်တာကို အားပေးရာရောက်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလိုအခြေအနေမျိုးမှာ သေနတ်ကိုင်တဲ့ ယဉ်ကျေးမှု မထွန်းကားအောင်ဆိုရင် ပါးစပ်နဲ့ဆွေးနွေးတဲ့ ပြောတဲ့ ယဉ်ကျေးမှုကို ပြန်ထွန်းကားအောင်လုပ်ကြပါ”လို့ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ရမှာ လက်ရှိ စစ်တပ်ကို ပစ်ထားလို့မရဘဲနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။  

“ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ရှိစစ်တပ်ကို ပစ်ပယ်ပြီးတော့ သွားလို့မရဘူး။ အဲဒီလိုပြောတာဟာ စစ်တပ်ကိုထောက်ခံနေတာ မဟုတ်ဘူး။ စစ်ကြီးစိုးတာကို ဟိုတုန်းကလည်း လက်မခံဘူး။ အခုလည်းလက်မခံဘူး။ နောင်လည်း လက်မခံဘူး။ အဲဒါကတော့ စစ်တပ်က ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော့်ရပ်တည်ချက်။ သို့သော် ဒီအပြောင်းအလဲကတော့ ညှိနှိုင်းပြီးတော့ ပေါင်းပြီးတော့ပဲ ထွက်ရမယ်။ အဲသလို ထွက်တဲ့နေရာမှာ စစ်တပ်ကလည်း ငါတကော ကောလို့မရဘူး။ ငါ့အမှန်တရားမှ အမှန်တရားဆိုပြီး ဇွတ်လုပ်ရင်တော့ တိုင်းပြည်က နာသထက်နာမယ်။ အဲတော့ ပြုပြင်ပြောင်း လဲမှု လုပ်ကိုလုပ်ရမယ်။”

မြန်မာနိုင်ငံမှာ လက်ရှိဘယ်အခြေအနေမှာရောက်နေပြီလဲဆိုတာ အားလုံးရပ်ပြီး စဉ်းစားကြဖို့   စစ်ကောင်စီဘက်ကိုရော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်ကိုပါ ပြည်သူ့ပါတီဥက္ကဋ္ဌ  ဦးကိုကိုကြီးက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

"ကျနော်တို့နိုင်ငံတော်ဟာ၊ ထိပ်ဆုံးက တာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံတော်အာဏာကို ရယူထားတဲ့ တပ်မတော်အကြီးအကဲများ၊ နစက အဖွဲ့ဝင်များကနေ စပြီးတော့ လက်ရှိစစ်မက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်အားလုံး၊ ပြီးတော့ နိုင်ငံသားတဦးချင်းကအစ တို့နိုင်ငံတော် ဘယ်အခြေအနေမှာ ရောက်နေတာသလဲဆိုတာကို ရပ်ပြီး ခဏလေး စဉ်းစားဖို့ အချိန်ယူပေးပါ။"

ပန်းတနော်မြို့ ရွှေခေတ်မင်္ဂလာခန်းမမှာကျင်းတဲ့ လူထုတွေ့ဆုံဟောပြောပွဲကို ပြည့်သူပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ပါတီက ထုတ်ပြန်ထားပါတယ်။

Photo- ပြည်သူ့ပါတီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013