Home
မြန်မာသတင်း
လွိုင်ကော်တွင် စစ်တပ်က ဗုံးကြဲသဖြင့် ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး
DVB
·
April 21, 2024
LoiKaw SAC Bomb_21042024

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ ယောက် အပါအဝင် မိသားစုဝင် ၆ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရုတ်တရုက် ၂ ကြိမ်လာကြဲခဲ့တာဖြစ်ပြီး မိသားစုဝင် ၆ ယောက် သေဆုံးတဲ့အပြင် ရွာသား ၁၀ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် အလုံး ၂၀ လည်း ဗုံးပေါက်ကွဲစထိမှန် ပျက်စီးခဲ့ရပါတယ်။

ဒေသခံတယောက်က “ပေါင် ၅၀၀ ဗုံးနဲ့လေ။ တရွာလုံး အိမ်တွေတောင်တုန်သွားတာပဲ။ ဗုံးထိမှန်တဲ့ အိမ်တော့ ရစရာကိုမရှိတော့ဘူး။ မိသားစုလည်း အိမ်ထဲမှာရှိတယ်လေ။ အိမ်ပေါ် တည့်တည့်ကျတော့ မိသားစုတစုလုံး သေသွားတယ်" လို့ ပြောပါတယ်။

အသက် ၇၀ အရွယ် ဦးမောင်လူ၊ အသက် ၆၀ အရွယ် ဒေါ် မူယွမ်၊ အသက် ၄၇ နှစ်အရွယ် ဒေါ်မညွန့်၊ အသက် ၂၇ နှစ်အရွယ် ဒေါ်မ၊ အသက် ၆ နှစ်အရွယ် မောင်ဘယ်နဒဲတိုနဲ့ အသက် ၂ နှစ်အရွယ် မနေမ တို့ မိသားစု တစုလုံး ဗုံးထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ရွာထဲမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိ။ လက်နက်ကိုင်အဖွဲ့တွေ လာနေတာလည်း မရှိဘူး။ အရင်က ရွာသားတွေ စစ်ရှောင်ပေမယ့် ခု ရွာမှာပြန်လာနေတာ မကြာသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ဧပြီ ၁၁ ရက်နေ့ညလည်း ဖယ်ခုံမြို့နယ်၊ အနောက်ဘက်ခြမ်း လွယ်ယင်းရွာကိုလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲခဲ့လို့ အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024