Home
မြန်မာသတင်း
မြစ်ကြီးနားက ခရစ်ယာန်ဆရာများအပါအဝင် ၅ ဦး ဖမ်းဆီးခံရ၊ ရေစကြိုတွင် လူလတ်ပိုင်းများ ရွာပြင်ထွက်ခွင့်မရ
DVB
·
April 21, 2024
MyitKyiNa SAC_21042024
SinMaYe Village_24042024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ဧပြီ ၂၀ ရက် မနေ့ညပိုင်းက ခရစ်ယာန်ဓမ္မဆရာ ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ ဆင်မရဲကျေးရွာက လူငယ်လူလတ်ပိုင်းတွေကို စစ်ကောင်စီက ရွာပြင်ထွက်ခွင့်မပြုဘူးလို့ သိရပါတယ်။

မြစ်ကြီးမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ RC အသင်းတော်က ဓမ္မဆရာတယောက်၊ ကျောင်းစောင့် တယောက်နဲ့ ကချင်နှစ်ချင်းအသင်းတော်က ဓမ္မဆရာ ၂ ယောက်နဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “စစ်တပ်က ည ၁၀ နာရီလောက်မှာ လာဖမ်းသွားတာ။ ဘာလို့ ဖမ်းသွားတယ်ဆိုတာကတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

အောက်မော်ဖောင်းကျေးရွာ RC အသင်းတော်ကျောင်းက ဆရာ ဦးလုံဘန်ခေါထန်၊ ကျောင်းစောင့်  ဦးလဖိုင်ဂမ်ဒွတ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဦးရှောင်လာ၊ ဆရာဒွမ်ဖောင်းမုန်ဆန်နော်နဲ့ ဦးအင်ဒုတ်ဂမ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတရက်နေ့)ကလည်း  ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့  ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး ၂၄ နာရီအတွင်း စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးသွားခဲ့ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ ဆင်မရဲကျေးရွာက အသက် ၁၆ နှစ်ကနေ ၄၀ နှစ်အရွယ်ကြား အမျိုးသား အမျိုးသမီးတွေကို ခရီးသွာလာခွင့်မပြုသလို ကျေးရွာအတွင်းကနေလည်း ထွက်ခွင့်မပြုဘူးလို့ ဒေသခံတွေဆီက သိရပါတတယ်။

ဆင်မရဲကျေးရွာထဲကနေ တခြားမြို့တွေဒေသတွေကို ပေးမထွက်တာဖြစ်ပြီး ထောက်ခံစာလည်း မလုပ်ပေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ လူငယ်တဉီးက ဒီဗွီဘီကိုပြောပါတယ်။

“ပြီးခဲ့တဲ့ ၃ လပိုင်းက တောင်ကြီးတက်ဖို့ကို ထောက်ခံစာသွားလုပ်တာ ‘ငါတို့က မှတ်ပုံတင်ပဲ အပျောက်လုပ်လို့ရတော့တာ။ ထောက်ခံစာ လုပ်မပေးနိုင်ဘူး။ ဘယ်မှလည်း သွားလို့မရဘူး’ ဆိုပြီးတော့ ပြောတာ။ အဲဒါနဲ့ ကျနော်လည်း ပြန်လာပြီးမှ ခိုးထွက်ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လလောက်ကတည်က ဆင်မရဲကျေးရွာ စာသင်ကျောင်းနဲ့ ရွာလယ်ဘုန်းကြီးကျောင်းတို့မှာ စစ်သားတွေ တပ်စွဲထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်က စလို့ အခုလို တခြားဒေသတွေဆီ မသွားရတော့တာလို့ ဆင်မရဲကျေးရွာမှာ လက်ရှိနေထိုင်သူ အမည်မဖော်လိုသူဒေသခံတယောက်က ပြောပါတယ်။

“ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်တိုးက ထောက်ခံစာမပေးတော့တာ သူ့မှာလည်း သေနတ် အတိုရယ် အရှည်ရယ် ၂ လက်ရှိတယ်။ ပျူနဲ့ပေါင်းပြီး လုပ်နေတာ။ ပိုက်ဆံပေးလည်း မရဘူး။ ခိုးထွက်လို့ သိသွားရင်လည်း အုပ်ချုပ်ရေးမှူးအချင်းချင်း လှမ်းပြောပြီး လမ်းတလျှောက်ရွာတွေမှာ ဖမ်းခိုင်းတယ်။ ဆက်မသွားဖို့ တားခိုင်းတယ်။ တခါက ကောင်လေးတွေနဲ့ ကောင်မလေးတွေ ၆ ယောက်လောက် ခိုးထွက်တာ ထောက်ခံစာမပါတော့ ကားသမားတွေက ပခုက္ကူတင်ရပ်ပြီးဆင်းခိုင်းတာ” လို့ ပြောပါတယ်။

ဆင်မရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးကျော်တိုးနဲ့ ကျေးရွာပျူစောထီးခေါင်းဆောင် ဦးကျော်မျိုး၊ ဉီးတက်စိန်နဲ့ ဦးဘိုဟန်တို့က စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေအရ ဒေသခံလူငယ်တွေကို တခြားအရပ်ဒေသတွေဆီ သွားရောက်ခွင့်ပိတ်ပင်ထားတာ လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမပတ်က ဆင်မရဲကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းကနေ ဒီနေ့အချိန်ထိ ကျေးရွာအထက်တန်းကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013