စစ်ကိုင်းတိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာ ထက်ဝက်လျော့ကျသွားပြီး တော်လှန်ရေးအင်အားစုတွေက ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးထားနိုင်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီနဲ့ ကရင်ပြည်နယ်တွေဘက်ကို စစ်ဦးလှည့်နေရတာကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ရေးအရှိန် လျော့ကျခဲ့တာပါ။
DVB ရဲ့ လေ့လောစောင့်ကြည့်မှုနဲ့ သုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် စစ်ကိုင်းတိုင်းမှာ တပတ်ကို ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ကနေ အကြိမ် ၃၀ ဝန်းကျင်အထိ ဖြစ်ပွားခဲ့ပြီး ပျမ်းမျှခြင်းအားဖြင့် တလမှာ အကြိမ် ၆၀ ကနေ ၁၀၀ ဝန်းကျင်ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းထဲမှာ စုစုပေါင်း ထိတွေ့တိုက်ပွဲ အကြိမ် ၇၀၀ ကနေ ၁၀၀၀ ဝန်းကျင်အထိရှိခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်းတော်လှန်ရေးအင်အားစုတွေက စစ်ရေးအသာစီးယူနိုင်ခဲ့ပြီး ၂၀၂၄ အကူးအပြောင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတဲ့ အရေအတွက်နဲ့ ထိတွေ့တိုက်ပွဲတွေ လျော့နည်းလာခဲ့ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက “မြဝတီနဲ့ ကချင်ဒေသမှာရော ရခိုင်မှာရော အကြီးအကျယ် စစ်ဆင်ရေးဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာတော့ မနှစ်ကထက်စာရင်တော့ ထက်ဝက်ကျော် စစ်ကြောင်းထိုးမှု အကြိမ်ရေ လျော့ကျသွားတယ်။ ဒါသေချာပေါက်၊ စစ်အင်အားနဲ့ ပြောမယ်ဆိုရင် ဒါ တိုက်ရိုက်အချိုးပဲလေ။ စစ်မျက်နှာသဘောအရ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ဒီဘက် စစ်ကြောင်းထိုးတဲ့အချိန်မှာတော့ မနှစ်ကထက် အကြိမ်ရေ ထက်ဝက်ကျော်နည်းတယ်လို့ သုံးသပ်လို့ရတယ်။ အညာဒေသမှာ အခြေစိုက်တဲ့ မြို့နယ်တွေမှာ သွားတဲ့အခါမှာ သုံးနေကျလမ်းကြောင်းအတိုင်းပဲ တမြို့နယ်နဲ့ တမြို့နယ် ဖြတ်ကူးတာလောက်ပဲ လုပ်တယ်၊ နယ်ကွင်းဆင်းပြီးတော့ သူတို့အခေါ် စစ်ဒေသအခေါ် နယ်မြေ ရှင်းလင်းခြင်း လုပ်ငန်းကို သူတို့ မနှစ်ကထက်စာရင် ထက်ဝက်ကျတယ်လို့ သုံးသပ်ရပါတယ်” လို့ ပြောပါတယ်။
Data for Myanmar ရဲ့ ၂၀၂၄ မတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးတာကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူ့နေအိမ်ပေါင်း ၈၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဲဒီအထဲမှာ အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ထဲက ပြည်သူ့နေအိမ်တွေ အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက “ကျနော်တို့ စိုးမိုးဧရိယာ ၈၀ ရာခိုင်နှုန်းကျော်၊ ကျနော်တို့ အကြိမ်ကြိမ်လည်း ကြေညာထားပြီးသား၊ အစိုးရရဲ့ လုပ်ငန်းတာဝန် တချို့တဝက်တောင်မှ လည်ပတ်တယ်ပေါ့။ အခွန်ကောက်ခံတာ၊ စီမံခန့်ခွဲတာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာ၊ ပညာရေးဝန်ဆောင်မှုပေးတာ၊ လမ်းတံတားထိန်းသိမ်းတာဆိုတဲ့ အစိုးရရဲ့တာဝန်တွေ ထမ်းဆောင်နေတဲ့ ဧရိယာက ၈၀ ရာခိုင်နှုန်းကျော်တယ်။ စစ်အင်အား လက်နက်အင်အား မမျှသေးလို့သာ ကျနော်တို့ နောက်ဆုတ်ပေးလိုက်တာမျိုး ရှောင်တိမ်းလိုက်တာပေါ့၊ တိုက်သင့် မတိုက်သင့် စစ်မဟာဗျူဟာအရ ထိပ်တိုက်မဆုံသေးတာမျိုးဘဲ ရှိတယ်။ စစ်ဘက်ဆိုင်ရာစာမျက်နှာက ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ သူတင်ကိုယ်တင်အခြေအနေ၊ တချိန်တုန်းကတော့ သူတို့က အသာစီးနဲ့ပစ်ဝင်တယ်၊ ကျနော်တို့က ဘေးထွက်ပေးရတယ်။ ခုကတော့ သူပစ်ကိုယ်ပစ် ဖြစ်လာတဲ့အတွက် စစ်မျက်နှာဘက်က ကြည့်ရင်တော့ ကျနော်တို့ဘက်က ၅၀ - ၅၀၊ ကျနော်တို့တောင် မိုးရင်မိုးလိမ့်မယ်။ မိုးရင်မိုးမယ်ဆိုတဲ့ အခြေအနေမှာ သူတို့ရဲ့ဧရိယာထဲမှာ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်နိုင်တယ်၊ ဒရုန်းချတာ၊ ရော့ကတ်ပစ်တာ၊ အချိန်ပြည့်နီးပါး သူတို့ကို စောင့်ပြီး လုပ်နိုင်တယ်။ မြို့နယ်တိုင်းလည်း လုပ်နိုင်သလို လက်တွေ့လည်း လုပ်နေတယ်။ ဒါက စစ်မျက်နှာအခြေအနေ။"
စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အခြေမလှပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အရေးပါတဲ့မြို့တွေကို လက်လွတ်မခံဘဲ လေကြောင်းပစ်ကူနဲ့ ဆက်ထိန်းနေပါတယ်။ ကောလင်းမြို့ကို ပြန်သိမ်းယူထားပြီး ခမ်းပတ်နဲ့ ရွှေပြည်အေးမြို့တွေကိုလည်း ပြောက်ကျားစနစ်နဲ့ ပြန်သိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ၂၀၂၃ နိုဝင်ဘာလဆန်းကတည်းက တိုက်ပွဲဖြစ်ခဲ့တဲ့ ထီးချိုင့်မြို့ကိုလည်း လက်လွတ်မခံဘဲ လက်ရှိအချိန်အထိ ထိန်းထားခဲ့ပါတယ်။
ထီးချိုင့် PDF မှ ကိုရန်ရှင်းအောင်က “ငြိမ်နေတုန်းပါပဲ။ သူတို့ကတော့ မြို့ထဲမှာ ပြင်ဆင်နေတာရှိမှာပေါ့လေ။ ဒါပေမဲ့ ထပ်ပြီးတော့မှ အင်အားထပ်ဖြည့်တာတွေ ဘာတွေ မရှိပါဘူး။ ကျနော်တို့ မဝင်နိုင်သေးပါဘူးဗျ။ လောလောဆယ်အထိတော့ ဝင်လို့မရသေးပါဘူး။ ကျန်းမာရေးကတော့ ဒီဘက်က စောင့်ရှောက်မှုတွေရှိပါတယ်။ နေရေးထိုင်ရေးကလည်း ထောက်ပံ့မှုတချို့တော့ ရှိတာပေါ့။ ဒါပေမဲ့ တချို့ကြတော့လည်း ကြာလာတော့ ရရာ အလုပ်ဝင်လုပ်ကြရင်းနဲ့ပဲ ရုန်းကန်နေကြရတာပေါ့။ ပဲကောက်ချိန်ဆိုတော့ ပဲလိုက်ကောက်နိုင်ရင် ကောက်ပေါ့။ စပါးရိတ်ချိန် စပါးရိတ်နဲ့ လည်ပတ်နေကြရတာပဲ။ မြို့ထဲကလည်း ဖြတ်လို့မရဘူး တံတားကလည်း မြို့ထဲမှာဆိုတော့ ဖြတ်မရပါဘူး တံတားကလည်းသုံးမရပါဘူး။ အရှေ့ကမ်းနဲ့ ဒီဘက်ခြမ်း ၂ ဖက်စလုံးက သူတို့ရှိနေတာဆိုတော့ သွားလာလို့မရဘူးပေါ့။ အခန့်မသင့်ရင် အဖမ်းခံရတာတွေရှိတော့ သိပ်တော့ ဝင်ကြတာမရှိပါဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ ၂၀၂၁ ခုက ပြည်သူ ၅၀၀ ဝန်းကျင်၊ ၂၀၂၂ ခုက ပြည်သူ ၄၀၀ ဝန်းကျင်နဲ့ ၂၀၂၃ ခုမှာတော့ ပြည်သူ ၁၅၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
သုတချမ်းသာ