
ရန်ကုန်ရဲ့ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ရောင်း၊ ဝယ်၊ ငှား ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် ငွေကိုင်ထားသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာကြောင့် ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေ အကျိုးဆောင်တယောက်က “အိမ်ခြံမြေဘက်ကို လှည့်လာကြတော့ ဈေးတွေက မတရားမြောက်လာတာ။ အရင် ၉,၀၀၀ ပတ်ချာလည်တွေက အခု သိန်း ၁၀,၀၀၀ ကျော်နေပြီ။ ဒဂုံ ၄ မြို့နယ်က အဝယ်လိုက်တယ်။ မြေသီးသန့်ဝယ်တာများတယ်။ အငှားဈေးကွက်ဆိုလည်း ဈေးတွေမြောက်လာတာ” လို့ ပြောပါတယ်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပေ ၂၀-၆၀ တကွက်ကို ကျပ် သိန်း ၄,၅၀၀ ကနေ သိန်း ၁၃,၅၀၀ အထိ ရှိနေပြီး ပေ ၄၀-၆၀ တကွက်ကို ကျပ်သိန်း ၇,၈၀၀ ကနေ သိန်း ၁၂,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။
အလားတူ တိုက်ခန်းအရောင်းအဝယ်ဈေးနှုန်းမှာလည်း နေရာဒေသ၊ အထပ်အမြင့်နဲ့ အခန်းအကျယ်အဝန်း အမျိုးအစားပေါ် မူတည်ကာ ကျပ် သိန်း ၂၇၀၊ ၄၀၀၊ ၆၅၀ ကနေ ကျပ် သိန်း ၂,၀၀၀၊ ၃ သောင်းခွဲကနေ ၄ သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။
အငှားဈေးကွက်မှာလည်း ကျပ် တသိန်းခွဲ၊ သုံးသိန်းကြားမှာ အငှားလိုက်နေပြီး ဈေးတွေကတော့ နေရာဒေသ၊ လချုပ်၊ စပေါ် ကွာဟမှုအလိုက် ကျပ် တသိန်းခွဲကနေ ၁၀ သိန်း၊ ၁၈ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ထိ ဈေးငြိမ်နေတဲ့ ရန်ကုန်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပြီး အရောင်းအဝယ် ပြန်ဖြစ်နေတာလည်း ဖြစ်ပါတယ်။


