
တနင်္ဂနွေနေ့ ဒီကနေ့ည အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဧည့်ခံကစားသွားရဖို့ ရှိနေပြီး မိုက်ကယ်ကားရစ်ရဲ့ လက်အောက်မှာ ပြိုင်ဘက်အသင်းရဲ့ ပြန်လည်နိုးကြားလာတဲ့ အားမာန်နဲ့ အရှိန်အဟုန်အပေါ် စိုးရိမ်မိကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ယာယီမန်နေဂျာ ကားရစ်ရဲ့ လမ်းညွှန်မှုနဲ့ အဆင့် ၂ နေရာက မန်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီအနိုင်ဟာ ဇယားထိပ်ဆုံး အဆင့် ၁ မှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကို မန်စီးတီးနဲ့ ၇ မှတ်ထိ ကွာဟသွားစေဖို့ ကူညီပေးရာ ရောက်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ ရှုံးပွဲမရှိသေးဘဲ အခုရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံးကိုလည်း အနိုင်ရထားပေမဲ့ တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အာတီတာက ပြောပါတယ်။
ယူနိုက်တက်နည်းပြ မိုက်ကယ် ကားရစ် ကတော့ သောကြာနေ့က သူ့ရဲ့ကစားသမားတွေကို အာဆင်နယ်ကွင်းကို မသွားရောက်မီ ပြန်လည်ရရှိလာတဲ့ ယုံကြည်မှုကို ဆက်ထိန်းထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
Photo: Reuters


