
နောက်ခံလူ မာတီနက်ဇ်ကို ဟာလန်းနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခဲ့တဲ့အပေါ် တောင်းပန်စရာမရှိကြောင်း မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ပေါလ်စခိုးက ပြန်လည်တုံ့ပြန်သွားပါတယ်။
ပေါလ်စခိုးနဲ့ နစ်ကီဘတ်တို့ဟာ မန်စီးတီးနဲ့ ဒါဘီပွဲစဉ်မတိုင်ခင်မှာ မာတီနက်ဇ်အနေနဲ့ ဟာလန်းကို ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်းနဲ့ ကလေးကျောင်းဆင်းတာကို လာကြိုတဲ့ အဖေတယောက်နဲ့ တွဲဖက်မြင်ရသလို အလားသဏ္ဍာန်တူမှာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ မာတီနက်ဇ်က ဟာလန်းဦးဆောင်တဲ့ စီးတီးတိုက်စစ်ကို ဂိုးသွင်းခွင့်မရအောင် မက်ဂွဲယားနဲ့အတူ စွမ်းဆောင်နိုင်ခဲ့ပြီး ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။
ဒါဘီပွဲမတိုင်ခင် ပြောဆိုမှုတွေက အကောင်းတွေမဟုတ်ခဲ့ပေမဲ့ တောင်းပန်စကားပြောဖို့တော့ မရှိကြောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မာတီနက်ဇ်နဲ့ ဟာလန်းတို့က မလိုက်မဖက်ဖြစ်နေတာ အမှန်ဖြစ်ကြောင်း ပေါလ်စခိုးက ပြောပါတယ်။
မာတီနက်ဇ်အနေနဲ့ စီးတီးနဲ့ တပွဲမှာပဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ဒမ်နီဝဲလ်ဘက်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာဖြစ်စေ၊ ဘန်လေနဲ့ ပွဲစဉ်မှာဖြစ်စေ သူ့ရဲ့ အားနည်းချက်တွေကို တွေ့မြင်နိုင်ကြောင်း ပေါလ်စခိုးက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
Photo: Reuters


