
ကမ္ဘောဒီးယားနိုင်ငံမှာရောက်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်သံသယရှိ မြန်မာနိုင်ငံသား ၁၃၆ ယောက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ပြန်ခေါ်လိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာသံရုံးကို ကမ္ဘောဒီးယား ရဲနဲ့ ဌာနဆိုင်ရာတွေ လာပို့တဲ့သူတွေနဲ့ ဆန္ဒအလျောက် ရောက်လာတဲ့ ကျားဖြန့်သံသယရှိသူ စုစုပေါင်း ၆၇၅ ယောက်ထဲက ၁၃၆ ယောက်ကို ပြန်ခေါ်လာတာ ဖြစ်ပါတယ်။
ပြန်ခေါ်လာတဲ့သူတွေကို မှတ်တမ်းကောက်ယူတာ၊ စစ်ဆေးတာတွေလုပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်ပြီးဆောင်ရွက်မယ်လို့ ပြန်ကြားရေးသတင်းမှာ ပါရှိပါတယ်။
အာဆီယံနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တွေမှာ ကျားဖြန့် လုပ်ငန်းတွေ တွင်ကျယ်နေခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေ ပိုများလာတာကို စစ်တပ်ကိုယ်တိုင် ဝန်ခံထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ အဆောက်အအုံတချို့ကို စစ်တပ်က ဖြိုချဖျက်ဆီးပြနေပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလုပ်ရပ်တွေဟာ သက်သေဖျောက်ဖျက်တဲ့ လုပ်ရပ်တွေလို့ ဆိုပါတယ်။


