
အမေရိကန်အစိုးရက မြန်မာတွေအတွက်ပေးထားတဲ့ ယာယီခိုလှုံခွင့် TPS ဟာ ဇန်နဝါရီ ၂၆ ရက်မှာ သက်တမ်းကုန်ပြီဖြစ်လို့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီနဲ့ ICE အေဂျင်စီက ဖမ်းဆီးမှုတွေ များနေချိန်မှာ TPS ရုပ်သိမ်းခံရတဲ့ မြန်မာတွေပေါ် ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါသလဲ။
အမေရိကန်အစိုးရ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာ ၂၄ ရက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာကနေ TPS နဲ့ရောက်ရှိနေထိုင်သူ ၁ သန်းဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ပါဝင်ပါတယ်။
Asian- American Legal Defence and Education Fund (AALDEF)နဲ့ International Refugee Assistance Project (IRAP) နဲ့ Aisan American and Pacific Islanders အဖွဲ့တွေက TPS နဲ့ နေထိုင်သူ မြန်မာတွေကိုယ်စား ထရမ့်ပ်အစိုးရကို တရားပြန်ဆိုင်နေကြတာပါ။
TPS နဲ့ နေထိုင်သူ မြန်မာအများစုဟာ နိုင်ငံရေးခိုလှုံခွင့်ခံထားပြီးဖြစ်ပေမဲ့ နိုင်ငံရေးခိုလှုံခွင့် Asylum မခံရသေးသူတွေလည်း ကျန်နေပါတယ်။
ဒီလူတွေကတော့ ထရမ့်ပ်အစိုးရကို တရားဆိုင်ထားတဲ့အဖွဲ့အစည်းတွေကို ချဉ်းကပ်ပြီး ဥပဒေအကာအကွယ်ယူထားသင့်တယ်လို့ မြန်မာ့အရေးဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။
လော့အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “သက်တမ်းကုန်ရင် ရက် ၆၀ ဆက်နေလို့ရတယ်၊ ပိုကျော်နေရင်တော့ သူတို့ ဖမ်းပြီးတော့ ပြည်နှင်ဒဏ်ပေးလို့ရတာပေါ့။ ဒါပေမဲ့ TPS ကို ရပ်ဆိုင်းတာကို ရုပ်သိမ်းဖို့ဆိုပြီးတော့ AAPI ဆိုတာ Aisan American and Pacific Islanders - တရားရေးရာတွေကို အထောက်အကူပြုတာ၊ အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေက လူတွေပေါ့၊ အဲ့ဒီက မြန်မာ TPS သမားတွေကို အကူအညီပေးပြီးတော့ သူတို့ တရားဆိုင်ထားတယ်၊ တွေ့ဖူးတာကတော့ အဲ့ဒါမျိုး သူတို့တရားဆိုင်နေတဲ့အချိန်မှာ ဆက်နေလို့ရတာပေါ့နော်၊ အဆုံးအဖြတ်တရားရုံးက ပေးလိုက်တော့မှသာ သူတို့သွားရင်သွား ဆက်နေရင်နေပေါ့။ အခု အစိုးရက သူတို့ ဥပဒေကြောင်းနဲ့ သိပ်မသွားဘူးဗျ၊ မသွားတော့ ကျနော်တို့က သူတို့ကို သိပ်ပြီးတော့မပြောချင်ဘူးပေါ့၊ အစိုးရက ပြောဖို့က ခက်တယ်ဗျာ”လို့ ပြောပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်မှု အေဂျင်စီ (ICE) အဖွဲ့ရဲ့ နိုင်ငံတဝန်း တရားမဝင်ရောက်နေသူတွေကို ဆက်တိုက်ဖမ်းဆီးနေတာကြောင့် မြန်မာ TPS နဲ့နေထိုင်သူတွေအပေါ် ဖိအားတွေရှိနေတာပါ။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက “ကျနော်တို့အနေနဲ့တော့ Congress ကနေ တောက်လျှောက်တွန်းအားပေးတာတော့ရှိတယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်တော့ မူတည်လိမ့်မယ်၊ အရမ်းလည်း အန္တရာယ်ကြီးတယ်ပေါ့။ မြန်မာပြည်သူပြည်သားတွေ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ခြွင်းချက်တော့ ပေးမှာပါဆိုတာမျိုးတော့ သူတို့ သုံးသပ်တယ်ပေါ့နော်။ TPS Status နဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက်ကို တရားစွဲထားတာလည်းရှိတယ်။ ဘက်ပေါင်းစုံက သွားနေတယ်ပေါ့နော်။ ကျနော်ထင်တာကတော့ သက်တမ်းမတိုးရင်တောင်မှ ဆိုင်းငံ့ထားတယ်ဆိုတာမျိုး အနိမ့်ဆုံးအဆင့် ဖြစ်မှာပါ” လို့ ပြောပါတယ်။
ခိုလှုံခွင့်နဲ့ နေထိုင်ထိုင်သူတယောက်ဖြစ်တဲ့ ကိုဇော်က “ICE ကိစ္စကတော့ ကိုယ့်လူမျိုးမှမဟုတ်ဘူး ဘယ်လူမျိုးပဲဖြစ်ဖြစ် ရာခိုင်နှုန်းတော်တော်များများက ပြစ်မှုရှိတဲ့သူ၊ Background အရင်က မကောင်းတဲ့သူတွေ၊ အဲ့ဒီလူတွေကိုထုတ်ဖို့အတွက်ပဲ သူတို့ အဓိကသွားနေတယ်လို့တော့မြင်တယ်။ ဒါပေမဲ့ ဘယ်နေရာသွားသွား လောလောဆယ်မှာတော့ ရုတ်ရုတ်သဲသဲနေရာတွေကို ရှောင်သင့်တယ်ပေါ့။ မတော်တဆရောပါသွားရင်သာ ခံရနိုင်တယ်ပေါ့နော်။ ပြစ်ချက်မရှိဘဲနဲ့ ဖမ်းမှာမျိုးတွေဘာတွေကတော့ အရမ်းကြီးတော့ စိတ်ပူရမယ်လို့တော့ ကျနော်ကတော့ မထင်ဘူး။ ရှိတော့ရှိတယ် Case အရမ်းနည်းတယ်ပေါ့။ ဥပမာ မှားပြီးတော့ဖမ်းမိတဲ့ Case အရင်တခေါက်တုန်းကတော့ West Virgenia က ကလေးတယောက်ကိုတော့ ကြားလိုက်တယ်။ ဘာပြစ်ချက်မှမရှိဘဲ ဖမ်းတာပေါ့နော်။ ဒါပေမဲ့ ပြန်လွတ်လာတယ်၊ သူတို့ အယူခံတွေဘာတွေ ရှေ့နေနဲ့ ပြန်လုပ်လိုက်တော့ကြတော့ ပြန်လွတ်လာတယ်။ ပြည်နှင်ဒဏ်အပေးမခံရဘူး၊ ပေါ့လို့တော့မရဘူး၊ အရမ်းကြောက်ဖို့လည်းမလိုဘူး။ ကျောင်သူလေးတယောက် သူ့ကိုယ်သူ ဆူဆိုက်လုပ်တဲ့ကိစ္စ၊ အဲ့လောက်ကြီးလည်း ကြောက်ဖို့မလိုဘူး” လို့ ပြောပါတယ်။
TPS နဲ့ နေထိုင်တဲ့မြန်မာတွေဟာ ဥပဒေရေးရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားဖို့လိုအပ်သလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာရင် နှစ်သိမ့်ဆွေးနွေးပေးတဲ့ ဖုန်းနံပတ် ၉၈၈ ကို ၂၄ နာရီဆက်သွယ်ပြီး မြန်မာဘာသာစကားပြန်တောင်းခံ အကူအညီယူနိုင်ပါတယ်။
မခင်သီရိနန္ဒာစိုးက “အင်မတန်ရှုပ်ထွေးတဲ့အနေအထားတွေရှိနေတယ်၊ ဒီအစိုးရအတွင်းမှာကိုက။ အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးကို ဖြုတ်ချဖို့အတွက် လုပ်ဆောင်နေတဲ့ကိစ္စမျိုးတွေလည်း ဖြစ်နေတယ်။ ပြည်နယ်တိုင်းမှာ ဖြစ်နေတာမျိုး မဟုတ်ဘူးဆိုပေမဲ့လို့ ကျမတို့ မြန်မာအသိုက်အဝန်း အနေနဲ့က အချင်းချင်း ထိစပ်နေဖို့လိုအပ်တယ်၊ တခုခုဖြစ်လို့ရှိရင် အားလုံးဝိုင်းဝန်းကူညီနိုင်တဲ့ အနေအထားမျိုး တဦးနဲ့တဦးနဲ့ ချိတ်ဆက်မှု လေးတွေလုပ်ထားဖို့အတွက် လိုအပ်ပါတယ်” လို့ ပြောပါတယ်။
လေ့လာ ဝေမျှမှ ဦးကိုကိုလေးက “ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား လုပ်ဆောင်နေတာတွေ တွေ့ရတယ်နော်။ လူဝင်မှုကြီးကြပ်ရေးပေါ်လစီနဲ့ပဲ မဲဆွယ်ပြီးတက်လာတယ်ဆိုတော့ တကယ်လည်း လုပ်နေတယ်ဆိုတာကို အားလုံးအသိပဲဖြစ်တယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကြည့်ပြီးတော့ ကိုယ်ကရှောင်ရမှာဖြစ်တယ်။ အခု ဒီအမေရိကန်မှာ ရောက်နေကြတဲ့သူအများစုက ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ရောက်လာကြတာ။ ဒီလူတွေကြောက်လန့်သွားအောင် တမင်သက်သက် ထိတ်လန့်စေချင်တဲ့သဘောမျိုးနဲ့ အချက်အလက်အမှန် ၇၀-၈၀ ရာခိုင်နှုန်းလောက်ကို အခြေခံထားပြီးတော့မှ ထိတ်လန့်အောင် နည်းပေါင်းစုံနဲ့ခြိမ်းခြောက်နေတဲ့ Page တွေလည်းရှိတယ်။ ရန်သူ့လူတွေကလည်း ဒီမှာအများကြီးရောက်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
အမေရိကန်ပြည်တွင်းရေးကို ဦးစားပေးပြီး ကမ္ဘာ့နံပါတ် ၁ အဖြစ် ဆက်လက်ရပ်တည်ဖို့ အချက်အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုအရေးယူဖို့ ဖော်ပြထားတဲ့ Project 2025 ပေါ်လစီနဲ့ မဲဆွယ်ပြီး သမ္မတထရမ့်ပ်ဟာ ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။
အုပ်ချုပ်ရေးအာဏာကို ထရမ့်ပ်အစိုးရက အလွန်အကျွံသုံးစွဲတဲ့ ကိစ္စတွေကြောင့် လွှတ်တော်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ၂၀၂၅ အောက်တိုဘာ ၁ ရက်ကစလို့ ၄၃ ရက်ကြာ အစိုးရယန္တရား စံချိန်တင် ရဆိုင်းထားရတဲ့ဖြစ်စဉ်အပါအဝင် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်တာတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရ ပါတယ်။
သုတချမ်းသာ


