
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” မှာ ပါဝင်ဖို့ ဇန်နဝါရီ ၂၂ ရက်မှာ အယ်လ်ဘေးနီးယားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
“ငါတို့ ဒီအဖွဲ့မှာ ပါဝင်ပြီး အတူတူမလုပ်ဆောင်ဘူးဆိုရင်၊ ငါတို့ဟာ သူများတွေရဲ့ စိတ်ကြိုက် ခြယ်လှယ် အမြတ်ထုတ်တာကို ခံရလိမ့်မယ်” လို့ အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အက်ဒီရာမာက နှိုးဆော်ခဲ့အပြီးမှာ အခုလို မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ရှိတဲ့အနက် ၁၁၀ က ဒီဥပဒေကို ထောက်ခံမဲပေးပြီး အတည်ပြုခဲ့ကြတာပါ။
ကမ္ဘာ့သံတမန်ရေးရာမှာ အယ်လ်ဘေးနီးယားနိုင်ငံရဲ့နေရာ မပျောက်သွားစေဖို့ ရည်ရွယ်တာလို့ ရာမာက လွှတ်တော်ထဲမှာ ပြောကြားခဲ့ပါတယ်။
အလားတူ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက “အလယ်အလတ် အင်အားကြီးနိုင်ငံတွေ အတူလက်တွဲလုပ်မှရမယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တွေ ပါဝင်ဆွေးနွေးလုပ်ဆောင်တာ မရှိဘူးဆိုရင် သူများတွေရဲ့ စိတ်ကြိုက်လုပ်တာကိုခံရမယ်” လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အရင်ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီစကားကို အယ်လ်ဘေးနီးယား ဝန်ကြီးချုပ်က ပြန်လည်ကိုးကားပြီး ကုလသမဂ္ဂနဲ့ စင်ပြိုင်ထောင်တယ်လို့ ဝေဖန်ခံနေရတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


