
ဂျပန်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုကို ၁၅ နှစ်အကြာမှာ ပြန်လည်စတင်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းပဲ ပြန်ရပ်ဆိုင်းလိုက်ရပါတယ်။
ဒါဟာ စတင်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေစဉ်မှာပဲ အချက်ပေးသံ မြည်လာခဲ့တာကြောင့် ဖြစ်သလို အခြေအနေ တည်ငြိမ်မှု ရှိတယ်လို့လည်း ဆိုပါတယ်။
၂၀၁၁ ဖူကူရှီးမား နျူးကလီးယားကပ်ဘေး ဖြစ်ပွားစဉ်ကတည်းက ဓာတ်ပေါင်းဖိုအားလုံးကို ပိတ်ချခဲ့ရပြီးနောက် အခုလိုမျိုး တဖန်ပြန်လည်ပတ်နိုင်ခဲ့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
လက်ရှိ ဒေသခံတွေရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်တာမျိုးတွေ ရှိနေပေမဲ့လည်း ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံထဲက အမှတ်-၆ ဓာတ်ပေါင်းဖိုကိုတော့ လုပ်ငန်းပြန်စမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။
ဂျပန်မြို့တော် တိုကျိုရဲ့ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ ဒီဓာတ်အားပေးစက်ရုံကြီးဟာ နောက်တလမှာ စီးပွားဖြစ်ပြန်စနိုင်ဖို့အထိ ရည်ရွယ်ထားခဲ့တာပါ။
တချိန်တည်းမှာ ဂျပန်ဟာ စွမ်းအင်တင်သွင်းမှုအပေါ် အဓိကမှီခိုနေရတဲ့အလျောက် နျူကလီးယားစွမ်းအင် အစောဆုံးအသုံးပြုခဲ့တဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
၂၀၁၁ အရောက်မှာတော့ ဂျပန်သမိုင်းတလျှောက် အပြင်းထန်ဆုံးငလျင်ကြီး လှုပ်ခတ်သွားတဲ့အတွက် ပြည်တွင်းက ရှိသမျှ ဓာတ်ပေါင်းဖို ၅၄ ခုစလုံးကို ပိတ်ချခဲ့ရပါတယ်။
ဒီလိုမျိုး ပြင်းအား ၉ အထိရှိတဲ့ တိုဟိုကု ငလျင်ကြီးကြောင့် ဖူကူရှီးမား ဓာတ်ပေါင်းဖို အရည်ပျော်ကျပြီး အဆိုးရွားဆုံးသော နျူကလီးယား ကပ်ဘေးတခု ဖြစ်လာခဲ့ပါတယ်။
လာမဲ့ ၂၀၃၀ ပြည့်နှစ်မှာ ကာရှီဝါဇာကီ-ကာရီဝါရဲ့ အမှတ်-၇ ဓာတ်ပေါင်းဖိုက ပြန်လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားပြီး ကျန်တဲ့ ဓာတ်ပေါင်းဖို ၅ ခုကိုတော့ အပြီးတိုင်ဖျက်သိမ်းဖို့ ရှိနေပါတယ်။
အဲဒီစက်ရုံရဲ့ ဓာတ်ပေါင်းဖို ၇ ခုစလုံး အလုပ်လုပ်စဉ်က လျှပ်စစ်ဓာတ်အား ၈ ဒသမ ၂ ဂစ်ဂါဝပ်လောက် ထုတ်လုပ်နိုင်ခဲ့ပေမဲ့လည်း အခုချိန်မှာတော့ အတော်လေးကို လျော့နည်းသွားပြီ ဖြစ်ပါတယ်။
၂၀၁၁ မတိုင်ခင်တုန်းက ဂျပန်နိုင်ငံမှာ လိုအပ်သမျှ လျှပ်စစ်ဓာတ်အားရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို နျူကလီးယားစွမ်းအင်နဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းအရ ၂၀၄၀ အထိ ရောက်ရင်တောင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ နျူကလီးယားစွမ်းအင်ကနေ ထုတ်ယူမယ်ဆိုပြီး လျာထားပါတယ်။
အခုလိုမျိုး နျူကလီးယားစက်ရုံတွေ ပြန်အသက်ဝင်လာတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြသူတယောက်ကတော့ “တခုခုဖြစ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရမှာ ကျွန်ုပ်တို့လေ” ဆိုပြီး မှတ်ချက်ပြုပါတယ်။
Source: Reuters


