
မကြာသေးမီက ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစနစ်တွေ ပြတ်တောက်ပြီးတဲ့နောက် ဇန်နဝါရီ ၂၁ ရက်မှာ ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသ၊ ဘရာဘိုရီမြို့မှာ ရပ်ထားတဲ့ ရထားတွဲတွေထဲမှာ ယူကရိန်းနိုင်ငံသားတွေ နွေးနွေးထွေးထွေးနေရင်း စက်ပစ္စည်းတွေကို အားသွင်းနေကြပါတယ်။
လူတွေက စက်ပစ္စည်းတွေကို အားသွင်းရင်း ပူပူနွေးနွေး နေ့လယ်စာ စားနေကြတာပါ။ သရုပ်ဆောင်သင်တန်းက ကလေးတွေရဲ့ ပုံမှန်နေရာက အလွန်အေးလို့ ရထားတွဲထဲမှာ သင်ခန်းစာတွေ လုပ်နေကြပါတယ်။
ကလေးတွေက ရထားတွဲတခုထဲမှာ အတူထိုင်ကာ သူတို့ရဲ့ဆရာနဲ့ စကားပြောရင်း ဇာတ်ဝင်ခန်းတွေကို လေ့ကျင့်နေကြပါတယ်။
ယူကရိန်းစစ်သားတယောက်ရဲ့ အဖေ၊ အသက် ၆၂ နှစ်အရွယ် မိုင်ခေးလိုက သူတို့ရဲ့ တိုက်ခန်းထဲမှာ အပူချိန်က ၅ ဒီဂရီစင်တီဂရိတ်လောက်အထိ ကျဆင်းသွားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရုရှားအစိုးရဟာ မကြာသေးမီလတွေအတွင်း ယူကရိန်းရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို တိုးမြှင့်ခဲ့ပြီး ကိယက်ဗ်၊ ခါကိဗ်နဲ့ ဒနီပရိုမြို့တွေကို ဒုံးကျည်နဲ့ ဒရုန်းတွေကို သုံးပြီး အာရုံစိုက် တိုက်ခိုက်ခဲ့ပါတယ်။
Source: Reuters


