Home
မြန်မာသတင်း
ခလရ ၂၇၅ အတိုက်ခံရပါက မြဝတီမြို့ ၁၈ နေရာကို စစ်တပ်က ဗုံးကြဲမည်
DVB
·
January 22, 2026

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ နေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်တုံ့ပြန်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂ တပ်မမှူးရဲ့ ပြောဆိုထားပါတယ်။

ဒါဟာခြိမ်းခြောက်တာဖြစ်လို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တုံ့ပြန်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 

ဇန်နဝါရီ ၁၉ ရက်က မြဝတီမှာအခြေစိုက်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KLNA-PC) ဆက်ဆံရေးရုံးက ရုံးထိုင်မှူးတွေနဲ့ တပ်မ ၂၂ တပ်မမှူးတို့ တွေ့ဆုံခဲ့တာမှာ ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ ခုကို လေကြောင်းကနေ ဗုံးကြဲမယ်လို့ တပ်မ ၂၂ တပ်မမှူးက ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကရင်စစ်ရေးလေ့လာသူက “သူကြဲမဲ့  ပွိုင့် ၁၈ နေရာကို  ၂၇၅ ကိုတိုက်ရင်တော့ ဘယ်လိုလုပ်မယ်။ ဘာလုပ်မယ်။ ညာလုပ်မယ်ဆိုတာကတော့ စစ်ရေးစစ်ရာမှာ တဖက်နဲ့တဖက် ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း ဖြစ်တယ်။ သို့သော်လည်းပဲ စကမဘက်က ဘယ်လောက်ပဲ ခြိမ်းခြောက်ခြိမ်းခြောက် ဘယ်လောက်ပဲ ဘယ်နှပွိုင့်ပဲ ရှိရှိ တဖက်ကလည်း လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်  တုံ့ပြန်မူ တစုံတရာတော့ ရှိလာနိုင်တယ်လို့တော့ ကျနော်တို့က သုံးသပ်ထင်မြင်ရပါတယ်”လို့ ပြောပါတယ်။

ဒါဟာ သာမန်အခြေအနေမဟုတ်တဲ့  မလွဲမသွေဖြတ်သန်း ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်တွေဖြစ်ပြီး မှတ်ချက်ပြုပြောဖို့ အဆင်သင့်မဖြစ်သေးဘူးလို့  KNU/KLNA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ဒါဟာ သာမန်အခြေအနေမဟုတ်တဲ့ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်း တခုအောက်မှာ ကျနော်တို့ မလွဲမသွေဖြတ်သန်း ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်တွေလို့ပဲ ကျနော်အနေအနေနဲ့ ရှုမြင်တယ်။ ဆိုလိုတာကတော့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ဖြစ် အကြောင်းအရာတွေပဲဖြစ်ဖြစ်  အဲဒီအပေါ်မှာ ကျနော်အနေနဲ့ နှံ့နှံ့စပ်စပ် သိရှိတာမရှိသလို လုံခြုံရေးအရလည်းပဲ ကျနော်အမြင် ကျနော်အထင်လောက်လည်းပဲ ပြောဖို့ဆိုဖို့မသင့်တဲ့တွက်ကြောင့်မို့လို့ ဒီအပေါ်မှာတော့ ဒါထက် ကြီးမားကျယ်ပြန့်တဲ့ Information(သတင်းအချက်အလက်)တွေ မှတ်ချက်တွေ ပြောဖို့ အတွက်ကတော့ ကျနော်အတွက်က  အဆင်သင့်မဖြစ်တာကို  နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။” 

ဒါအပြင် လက်နက်ကိုင်အယောင်ဆောင်သူတွေကို စစ်တပ်က စိစစ်အရေးယူနိုင်ဖို့ အကြောင်းပြချက်နဲ့ တပ်တည်၊ တပ်ဖြန့်နဲ့ တပ်ဖွဲ့ဝင်တွေအားလုံးရဲ့ ဓာတ်ပုံအမည်စာရင်းတွေကိုပါ ဇန်နဝါရီ ၂၄ ရက် နောက်ဆုံးထားပေးပို့ဖို့  DKBA နဲ့ KNU/KLNA-PC တပ်တွေကို တောင်းဆိုထားပါတယ်။

အခုလို တောင်းဆိုလာတဲ့အပေါ် စစ်တပ်က အလိုရှိသူဖြစ်ခဲ့ရင် နောက်ဆက်တွဲ တောင်းခံလာနိုင်တဲ့အတွက်  တပ်ဖွဲ့အနေနဲ့ မပေးဘူးလို့  စစ်ရေးသတင်ရင်းမြစ်က ပြောပါတယ်။

“အခု ထူးခြားတာက ဒီရက်ပိုင်းမှာ တပ်တည်ပေးတဲ့အပြင်၊ လူအင်အားအတိအကျပေးရမယ်။ လူအင်အား တိတိကျကျပေးရတဲ့အပြင် ဓာတ်ပုံနဲ့တကွ သူတို့တောင်းဆိုလာတယ်။ ပြန်ကြည့်မယ်ဆိုလို့ရှိရင် အရင်က ဒီအဆင့်မရှိဘူး။ ပြန်ကြည့်ရင် ဓာတ်ပုံတောင်းပြီး ပေးလိုက်ပြန်ရင် နောက်ဆက်တွဲလာဦးမယ်။ ဘယ်လိုနောက်ဆက်တွဲလာလည်းဆိုရင် ဒီလူက ပုဒ်မ ၁၇(၁) နဲ့ မကင်းဘူး။ ကျနော်တို့ ထပ်ပို့ပေးပါဆိုရင် အဲဒါတွေ နောက်ဆက်တွဲလာတတ်တယ်။ အဲ အနေအထားရှိတယ်။ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ကတော့ ကျနော်တို့အနေနဲ့ကတော့ မပေးဘူး။ ဒါကြောင့် ဒီလိုတောင်းတာ တပ်ဖွဲ့က အပြည့်အစုံလုပ်ပေးဖို့ အခက်အခဲရှိတယ်။” 

ဒါ့အပြင် နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတာဟာလည်း နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် မြဝတီမြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

KNA အဖွဲ့တွေနေနဲ့  မြဝတီမြို့တွင်းကနေ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး ထွက်ခွါကြဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားတယ်လို့  ကရင်လက်နက်ကိုင်အရာရှိတယောက်က ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားတပ်မတော်(KNA)တာဝန်ရှိသူတွေကို DVB ဆက်သွယ်မေးမြန်းခဲ့ပေမဲ့  ပြန်လည်ဖြေဆိုတာ မရှိပါဘူး။ 

ဒါအပြင် DKBA နဲ့ KNU/KLNA-PC   တို့လို NCA လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တွေအနေနဲ့  မြဝတီမြို့လုံခြုံရေးကိစ္စရပ်တွေမှာ  စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အထက်ညွှန် ကြားချက်အတိုင်း ဆောင်ရွက်ဖို့  တပ်မ ၂၂ တပ်မမှူးက ပြောဆိုခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013