
ဂရိနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇန်နဝါရီ ၂၁ ရက်မှာ လူ ၂ ဦး သေဆုံးခဲ့ပြီး မြို့တော် အေသင် နဲ့ နိုင်ငံရဲ့ တခြားဒေသတွေရှိ လမ်းတွေ၊ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အေသင်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ဂလီဖှာဒါ ရပ်ကွက်မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေအတွင်း ကားတစီး မျောပါသွားပြီး အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့အရာရှိတယောက် ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒေသခံ အီရို့ သီယိုဖှီလို ပူးလူက “မိုးရွာတိုင်း ဒီလမ်းမှာပဲ ဒီလိုဖြစ်တတ်ရုံမက ဂလီဖှာဒါ နဲ့ အော်ညို ဂလီဖှာဒါ ဘက်တွေက နေရာအမျိုးမျိုးမှာ ရေစီးကြောင်းတွေရှိနေလို့ ဘယ်လိုမှလှုပ်ရှားလို့မရဘူး” လို့ ပြောပါတယ်။
မိုးသက်မုန်တိုင်း ကျပြီဆိုတာနဲ့ တောင်စောင်းကနေ ရေတွေ ကျလာပြီးတော့ ဘာမှကယ်တင်ဖို့ အချိန်မရကြောင်းနဲ့ ၁၉၇၄ ခုနှစ်ကတည်းက ဒီမှာနေထိုင်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ဒါက တတိယအကြိမ်မြောက်ပဲလို့ နေထိုင်သူ ပယ်တရို့စ် မူစ်တို့စ် က ပြောပါတယ်။
တောင်ပိုင်းဆင်ခြေဖုံးဟာ ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ နေရာတွေထဲက တခုဖြစ်ပြီး မော်တော်ကားတွေ နစ်မြုပ်ကုန်ပြီး နေအိမ်တွေထဲကို ရေဝင်ရောက်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဟာ အေသင်မြို့ရှိ ရေကြီးနေတဲ့ အဆောက်အအုံတွေမှ ရေတွေကို စုပ်ထုတ်ပေးဖို့ ရာနဲ့ချီတဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံခဲ့ရပါတယ်။
ကြာသပတေးနေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုဟာ နိုင်ငံအရှေ့ပိုင်းကို ရွေ့လျားသွားမယ်လို့ မျှော်လင့်ရပါတယ်။
Source:Reuters


