Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းကိစ္စ အခွန်ကောက်မည့်အစီအစဉ် ထရမ့်ပ် ရုပ်သိမ်း 
DVB
·
January 22, 2026
Photo: Reuters

ဂရင်းလန်းကျွန်းအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် နိုင်ငံအများအပြားအပေါ် အခွန်ကောက်မဲ့ ခြိမ်းခြောက်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၁ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။

ကျွန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO နဲ့ သဘောတူညီချက်က မူကြမ်းအဆင့်ကို ရောက်နေပြီလို့လည်း ပြောပါတယ်။

နားလည်မှုအပေါ် အခြေခံပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အသက်ဝင်ဖို့ စီစဉ်ထားတဲ့ အခွန်တွေကို မကောက်တော့ဘူးလို့ ထရမ့်ပ်က NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ ဒါဗို့စ်မြို့မှာ တွေ့ပြီးတဲ့နောက် Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ 

သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထရမ့်ပ်က မပေးခဲ့ပါဘူး။ ရူတေနဲ့ ထရမ့်ပ်တို့ရဲ့ အလွန်ထိရောက်တဲ့ တွေ့ဆုံမှုကို အခြေခံပြီး ဂရင်းလန်းနဲ့ အမှန်တကယ်မှာ အာတိတ်ဒေသတခုလုံးနဲ့ ပတ်သက်တဲ့ အနာဂတ်သဘောတူညီချက် မူဘောင်ကို ဖွဲ့စည်းခဲ့တယ်။

ဒီဖြေရှင်းချက် ပြီးမြောက်ရင် အမေရိကန်ပြည်ထောင်စုနဲ့  NATO အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် အလွန်ကောင်းတဲ့ ဖြေရှင်းချက်တရပ် ဖြစ်လာလိမ့်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

“ဂရင်းလန်းနဲ့သက်ဆိုင်တဲ့ The Golden Dome နဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးနေတယ်၊ ဆွေးနွေးမှုတွေ တိုးတက်လာတာနဲ့အမျှ နောက်ထပ် အချက်အလက်တွေကို ရနိုင်မယ်”လို့ ထရမ့်ပ်က ပြောပါတယ်။ 

ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို၊ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ လိုအပ်သလို တခြားသူတွေကလည်း ညှိနှိုင်းမှုတွေအတွက် တာဝန်ယူမှာဖြစ်ပြီး ထရမ့်ပ်ဆီ တိုက်ရိုက်အစီရင်ခံမယ်လို့လည်း သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013