
ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိန်း ချုပ်ထားတဲ့ မယ်ကျဲနဲ့ မယ်စဲ့ဒေသ အကျဉ်းထောင်ကို ဖောက်ထွင်းထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အယောက် ၃၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားပြီး ထိုင်းနယ်ခြားစောင့်တပ်ထံမှာ လက်နက်ချခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၈ ရက်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့ အကျဉ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားသူ ၈၂ ယောက် ရှိပြီး စစ်တပ်၊ ရဲနဲ့ သူတို့မိသားစုဝင်တချို့ ပါဝင်တယ်။
အဲဒီထဲက ဒုဗိုလ်အဆင့်ရှိ ပိုင်စိုးသူဟာ ဇန်နဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ခွန်ယုမ်းမြို့နယ်၊ ပရဒူမိုင်းနယ်မြေရဲစခန်းမှာ လာရောက်လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ထောင်ဖောက်ပြေးတဲ့ သတင်းတွေကြားကြားချင်း ထိုင်းနယ်စပ် နေပြည်သူတွေကြား စိုးရိမ်မှုတွေမြင့်တက်ခဲ့တယ်၊ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတော့ နယ်စပ်ဒေသတလျှောက်မှာ နယ်ခြားစောင့်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၂၄ နာရီ စောင့်ကြပ် နေတယ်၊ မသင်္ကာသူတွေ တွေ့ရင် ချက်ချင်းဖမ်းဆီးမှာဖြစ်တယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဖို့၊ မိမိတို့ နေ့စဉ်ဘဝအတိုင်း ပုံမှန်နေထိုင်သွားလာဖို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၀ ရက် နယ်စပ်သတင်းရင်းမြစ်တွေအရ ထောင်ဖောက်သွားတဲ့ စကစ တပ်ဖွဲ့ ဝင်တွေဟာ မယ်ဟောင်ဆောင်ခရိုင် ခွန်ယုမ်းမြို့နယ်၊ မဲ့ငေါင်းအုပ်စုဘန့်ဟွေ့နားရွာရှိ ထိုင်းစစ်တပ် အမှတ် ၃ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ထံ ၁၉ ယောက် လက်နက်ချခဲ့သလို ဘန့်ဟွေ့တုန့်နွန့်ရွာ စစ်ဆေးရေးဂိတ်ရှိ နယ်ခြားစောင့်တပ်ထံလည်း တဖွဲဖွဲ ဝင်ရောက် လက်နက်ချခဲ့တယ်။
လက်ရှိ ထိုင်းစစ်တပ်မှာ လက်နက်ချခိုလှုံလာသူ အယောက် ၃၀ ကျော်ရှိသွားပြီဖြစ်ပြီး သူတို့တွေကို နိုင်ငံတကာ စစ်ဥပဒေစည်းမျဉ်းအရ မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်သွားမယ်လို့ ထိုင်းစစ်တပ်ဘက်က ပြောကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။
Source: Top News / ThaiPBS News


