Home
ဆောင်းပါး
ဒီဗွီဘီ အသံလွှင့်သမားဘဝအစ ဟာသရသ အခိုက်အတန့်များ
DVB
·
January 21, 2026

နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊ စိန့်အိုလပ်စ်ပလပ်လမ်းထဲက တိုက်တလုံးမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရုံးစိုက်ခဲ့ပါတယ်။ အသံလွှင့်သမားအဖြစ် ကျနော် အလုပ်ဝင်တဲ့အချိန်က ၁၉၉၅ ဇွန်လထဲမှာပါ။ ကျနော် အလုပ်ဝင်ပြီး တလလောက်ပဲ ရှိမယ်ထင်တယ်၊ ဒေါက်တာအောင်ခင် (ကျနော်တို့အားလုံးက အန်ကယ်ကြီးလို့ ခေါ်ခဲ့ကြသူ)က အယ်ဒီတာချုပ်အဖြစ် လန်ဒန်ကနေ ရောက်လာတာပါ။ သူက ဘီဘီစီမှာ လုပ်သက် အများကြီးရှိခဲ့သူ၊ ပင်စင်ယူထားသူ သူ့အသံလွှင့်ဆောင်းပါးတွေ အစီအစဉ်တွေကို ကျနော် နားထောင်ခဲ့ရ အားကျခဲ့ရသူပါ။

ကျနော် မှတ်မိသလောက်ဆိုရင် ဒေါက်တာအောင်ခင် ရောက်လာကာမှ စတူဒီယိုအသစ် အသံဖမ်းယူမှု ပုံစံအသစ်၊ အသံလွှင့်ပုံစနစ်အသစ် ဖြစ်လာခဲ့တာပါ။ အထူးသတိထားမိတာကတော့ အဲဒီအစီအစဉ်တွေကို ဒေါက်တာအောင်ခင်က မစ္စတာကူလွိုင်းကို ပြောပြီး ကိုအေးချမ်းနိုင် (လက်ရှိ အယ်ဒီတာချုပ်)နဲ့ တိုင်ပင်ပြီး အကောင်အထည်ဖော်တာပါ။ ကိုအေးချမ်းနိုင်က ဒေါက်တာအောင်ခင် အားအကိုးရဆုံးလို့ ကျနော် သတိထားမိပါတယ်။ ကိုအေးချမ်းနိုင်က နာမည်နဲ့လိုက်အောင်လည်း အေးချမ်းသူ စေ့စပ်တည်ငြိမ်သူပါ။ ကျနော်တို့လောက်တော့ အပျော်အပြက်စကားတွေအပေါ်မှာ ယဉ်ပါး ပါးနပ်သူတော့ မဟုတ်ရှာပါဘူး။ တခါတလေများ သူ့ကို စသလိုလို နောက်သလိုလို ပြောတာကို မဝေခွဲတတ်တဲ့ မျက်နှာနဲ့  စမှန်းနောက်မှန်း ချက်ချင်းသိသူ ပွင့်သူ မဟုတ်ပါ။ ပြီးတော့ ကျနော်တို့အားလုံးထဲမှာ အလုပ်အပေါ် ဖင်အမြဲဆုံးပါ။ ဒီတော့ ဒေါက်တာအောင်ခင်က အားကိုးခဲ့တာလို့ပဲ ကျနော် ယူဆမိပါတယ်။ ဒေါက်တာအောင်ခင် ရောက်ပြီး မကြာခင်မှာပဲ အသံလုံခန်းအသစ်၊ အသံဖမ်းယူမှုစနစ်အသစ်၊ အသံလွှင့်ပုံအသစ် ဖြစ်လာတာပါပဲ။ 

ဒီတုန်းက မှတ်မှတ်ရရ ကျနော်တို့အားလုံး မိသားစုဆန်ဆန် တော်တော်ပျော်ခဲ့ကြရတာလည်း တခုတ်တရ ကျနော် မှတ်မိနေပါတယ်။ လုပ်ဖော်ကိုင်ဖက် နေ့စဉ် ရုံးတက်ကြရသူတွေထဲမှာ ဒေါက်တာအောင်ခင်၊ အဆိုတော် ကိုမွန်းအောင်၊ ကျနော်၊ ကိုကျော်ကျော်၊ ကိုထွန်းထွန်း၊ နယ်လ်ဆင်ခူးတို့က ဖရီဒန်လွန်မှာ တအိမ်တည်း အခန်းခွဲကိုယ်စီနဲ့ နေကြရပြီး ကျန်တဲ့သူတွေက သူတို့အစီစဉ်နဲ့သူတို့ အိမ်ခွဲနေကြတာပါ။ ကျနော်တို့ စုပြီးနေကြသူတွေက ဒေါက်တာအောင်ခင် ကလွဲပြီး ကျန်သူတွေက ဟင်း နေ့စဉ် တလှည့်စီချက်ပြီး ရုံးကို ဆင့်ချိုင့်ကြီးနဲ့ ယူလာပေးရပါတယ်။ ထမင်းကတော့ ရုံးမှာရှိတဲ့ ထမင်းပေါင်းအိုးကြီးနဲ့ အားလုံးအတွက် ကြုံတဲ့သူက ချက်ထားရတာပါ။ ဟင်းချက်ကျတဲ့နေ့ဆိုရင် အဲဒီသူက မနက်ခင်းနေ့တဝက် ရုံးနောက်ကျခွင့်ရှိပါတယ်။ 

ဒီတုန်းက ရုံးမှာ နေ့စဉ် အလှည့်ကျသူက စာတိုက်ကို စာတွေ ပစ္စည်းတွေ သွားထုတ်ရတာလည်း ရှိပါတယ်။ စာတိုက်နဲ့ရုံးကလည်း သိပ်မဝေးပါဘူး။ ခြေလျင်ပဲ သွားကြတာပါ။

ကျနော့်အဖို့တော့ အသံဖမ်းယူတဲ့ နည်းစနစ်တွေကို အော်စလို ရောက်ကာစ မသိလို့ မရဲလို့ မကျွမ်းကျင်လို့ သူများဆီက ကြည့်ရ၊ မေးရ သင်ခဲ့ရပါတယ်။ ပြန်တွေးကြည့်တော့ ကျနော်တို့အထဲမှာ ကျနော်ဟာ အသက်အငယ်ဆုံး စောနယ်လ်ဆင်ခူးကအစ လူအကုန်လုံး ကြုံရင်ကြုံသလို မေးရ လက်တွေ့သင်ယူခဲ့ရတာချည်းပါပဲ။

ဒီနေရာမှာ ပြောဖို့မေ့နေတာက ကိုသိန်းထိုက်ဦးပါ။ သူက ကျနော့်ထက်အရင် အော်စလိုကို ရောက်သူပါ။ ဒါပေမဲ့ ကျနော် ရောက်လာတော့ သူက အမေရိကားကို သင်တန်းသွားတက်နေတယ်လို့ သိရပါတယ်။ ကျနော်က သူ နေသွားတဲ့ စုပေါင်းအိမ်က သူ့အခန်းမှာ နေခွင့်ရတာပါ။ အထူးသဖြင့်တော့ ကျနော့်ထက် ဝါရင့်ကြတဲ့ ကိုမွန်းအောင်၊ ကိုအေးချမ်းနိုင်၊ မသီတာတို့ဆီက သင်ယူခဲ့ရတာ ပိုများခဲ့ပါတယ်။ ပြီးတော့ မှတ်မှတ်ရရ ကိုမောင်မောင်မြင့် (ဒေါက်တာမောင်မောင်မြင့်၊ သို့မဟုတ် ဒေါင်းညို) ဆိုရင် ကျနော် သိချင်တဲ့ အချက်အလက်တွေ ဆိုရင် သူ့ကိုပဲ မေးရ အကူအညီတောင်းရတာချည်းပါပဲ။ သူက ကျနော်တို့အထဲ စာအဖတ်ဆုံးလူလို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ သူက ရုံးနေ့တိုင်း မတက်နိုင်ပါဘူး။ ကျောင်းတဖက် အလုပ်တဖက်နဲ့မို့ စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲ ရုံးလာတက်ပြီး အသံလွှင့်တာဝန် အကုန်ယူတာပါ။ ပြီးတော့ DVB က လစာလည်း မယူဘူးလို့ သိရပါတယ်။ DVB စတင်အသံလွှင့်တဲ့နေ့အစ DVB ရဲ့ စွန့်ဦးတီထွင်သူ သုံး‌လေးယောက်ထဲ တဦးအပါအဝင်ပဲလို့ သိခဲ့ရပါတယ်။

စကားစပ်လို့ပြောရရင် DVB အစတုန်းကဆိုရင် အသံဖမ်းတာ အသံလွှင့်တာက “ကက်ဆက်တူ ကက်ဆက်” လုပ်ခဲ့ရတာလို့ ကိုယ့်ရှေ့က လူတွေပြောလို့ သိခဲ့ရပါတယ်။ ဥပမာ ကျနော်တို့ စုနေတဲ့တိုက်ခန်းမှာထားတဲ့ ကက်ဆက်အ‌ဟောင်းနဲ့ ရုံးခန်းမှာ တချိန်တုန်းက အများနားထောင် ဖို့ထားတဲ့ ကက်ဆက်ဟာ နော်ဝေတွေ အသုံးမပြုတော့လို့ လွှင့်ပစ်ထားတဲ့ ပစ္စည်းအဟောင်းပုံထဲက ကောင်းတာကို ရွေးယူထားတဲ့ ကက်ဆက်တွေလို့ သိခဲ့ရပါတယ်။

ဒါတွေကို ကျနော်မှတ်မိသမျှ ပြန်ရေးပြန်ပြောပြနေတာက ကျနော့်ရှေ့က ရောက်နှင့်ကြ၊ အလုပ်လုပ်ခဲ့ကြတဲ့သူတွေကို လေးစားလေးနက်တဲ့သဘော၊ သူတို့တတွေ ဘယ်လိုရုန်းကန်ခဲ့ကြရ စတင်ခဲ့ကြရတယ်ဆိုတာကို မှတ်တမ်းသဘော ဂုဏ်ပြုတဲ့သဘော ရေးပြတာပါ။

ကျနော် စတင်အလုပ်ခွင်ဝင်တော့ စတူဒီယိုအသစ် အသံဖမ်းယူမှုအသစ် စတဲ့အချိန်ပါ။ အသံလွှင့်အစီအစဉ် နေ့စဉ် တာဝန်ကျတဲ့သူက တနေ့တာ အသံလွှင့်အစီအစဉ်အားလုံးကို တာဝန်ယူ ပြင်ဆင်ရပါတယ်။ တည်းဖြတ်တာကအစ လုပ်ရတာပါ။ အဖွင့်နိဒါန်းစကားကအစ အပိတ်နိဂုံး အဆုံးအထိ သူပဲ လုပ်ရ ပြောရတာပါ။ အဲဒီမှာ ကျနော့်အတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ တည်းဖြတ်တဲ့ အလုပ်ပါပဲ။ ဒီအလုပ်က စက်မှုကိစ္စတွေမှာ စိတ်မဝင်စားတဲ့ ကျနော့်အဖို့ တော်တော်ကြိုးစားရတဲ့ အလုပ်ပါ။ ရီးလို့ခေါ်တဲ့ တိတ်ခွေအဝိုင်းကြီးတခုကနေ တည်းဖြတ် ပြင်ဆင်ထားပြီး အသံတွေကို တဖက်တိတ်ခွေအဝိုင်းကြီးထဲ ထည့်ရတာပါ။ ဒီနေရာမှာ တိတ်ခွေ တခုနဲ့တခုကြား အသံနှုန်းကို လျှော့ပြီးနားထောင်၊ မလိုအပ်တဲ့အချိန်နဲ့ မလိုအပ်တဲ့အသံတွေကို ဖြတ်ရ တိတ်ကို ပြန်ဆက်ရတာပါ။ အဲဒီနေရာမှာ သေသေချာချာ နားမထောင်ရင်၊ သေသေချာ မတည်းဖြတ်ရင် လုံးဝမဖြစ်ပါဘူး။ အခုခေတ်လို ဒီဂျစ်တယ်တည်းဖြတ်တဲ့နည်း မဟုတ်ပါဘူး။ ပထမ တည်းဖြတ်ရမဲ့ တိတ်သားပေါ်မှာ တိတ်ခွေ ခဏရပ်ထားပြီး မြေဖြူနဲ့ မှတ်သားပြီးမှ ဓားနဲ့ဖြတ် တိတ်သားပြန်ဆက်ရတာပါ။ အတွေ့အကြုံမရှိရင် ပေါ့ဆရင် လုပ်လို့မရပါဘူး။ ဒီနေရာ ဒီအပိုင်းအတွက် ကျနော့်မှာ ကျန်တဲ့သူအားလုံးဆီက ကြုံရင်ကြုံသလို မေးရသင်ခဲ့ရတာချည်းပါပဲ။ တနေ့ကျတော့ အဲဒီ တည်းဖြတ်တဲ့အလုပ်မှာ တာဝန်ကျသူတဦးရဲ့ သတိလက်လွတ်ဖြစ်လို့ တစုံတရာ အပြစ်ပေးခံရ၊ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့တာ ကြုံရပါတယ် ဆိုပါတော့။

အဲဒီနေ့က နေ့စဉ်တာဝန်မှူးက ကိုထွန်းထွန်းပါ။ သူက ရုံးကို ခပ်စောစောလာပြီး တနေ့တာ အသံလွှင့်အစီအစဉ်အားလုံး ပြင်ဆင်ထုပ်ပိုးရသူပါ။ အဲဒီနေ့က သူက အစောကြီးရောက်လာတာ မှန်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က ကျောင်းသားခေါင်းဆောင်နဲ့ အင်တာဗျူးတခုကို အသံဖမ်းရ မေးရမြန်းရတာကို သူကိုယ်တိုင် လုပ်ရပါတယ်။

ကိုထွန်းထွန်းက အဲဒီ အိန္ဒိယနယ်စပ်ကနေ အော်စလို ရောက်လာသူဆိုတော့ အဲဒီအင်တာဗျူးကို သူကိုယ်တိုင်ပဲ မေးရမြန်းရတာပါ။ သူ မေးမြန်းတဲ့သူကလည်း သူနဲ့အတူ အိန္ဒိယ-မြန်မာနယ်စပ်မှာ အတူတူနေခဲ့တဲ့ သူ့ရဲ့ပြောမနာဆိုမနာ သူငယ်ချင်းဆိုတာ နောက်မှ သိရတာပါ။ ဒါကြောင့်မို့နဲ့ တူပါတယ်၊ ကိုထွန်းထွန်းလည်း အဲဒီအချိန်က ရွှင်ရွှင်ပျပျ တက်တက်ကြွကြွ ဖြစ်နေရှာပါတယ်။

အားလုံး ပြင်ဆင်ထုပ်ပိုးပြီးလို့ မွန်းတည့် ၁၂ နာရီထိုးတော့ အသံစလွှင့်တဲ့အခါ ကိုထွန်းထွန်မှအပ ကျန်သူတွေက စတူဒီယိုအခန်း အပြင်ဘက် ရုံးခန်းထဲမှာ နေကြရတာပါ။ နေ့စဉ် အသံလွှင့်တဲ့ အချိန်တိုင်း ကျ‌န်တဲ့သူတွေက နားထောင်ချင်သူက နားထောင်၊ နားမထောင်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်နေသူလည်း ရှိပါတယ်။ ဒါပေမဲ့ အယ်ဒီတာချုပ်လုပ်တဲ့ အန်ကယ်ကြီး ဒေါက်တာအောင်ခင်ကတော့ နေ့တိုင်း အသေအချာ နားထောင်လေ့ ရှိသူပါ။

အဲဒီနေ့က စတူဒီယိုအခန်းအပြင်ဘက်က ကျနော်တို့အားလုံး အသံလွှင့်ချက်ကို အခန်းထောင့်မှာ ချထားတဲ့ Song Box ကတဆင့် ကြားနေကြရပါတယ်။ အသံလွှင့်အစီအစဉ်တွေ တခုပြီးတခု သွားနေရင်းက အစီအစဉ်မှူးက အခုအချိန်မှစပြီး တွေ့ဆုံမေးမြန်းခန်း လွှင့်မှာဖြစ်ကြောင်းနဲ့ မေးမြန်းခံရသူ ဘယ်သူဘယ်ဝါပါ ဆိုတာ ရှင်းပြလိုက်ပါတယ်။ ပြီးတော့မှ ပထမဆုံးမေးခွန်းစဖို့ ရောက်လာပါတယ်။ ထိုစဉ်မှာပဲ မေးခွန်းမေးတဲ့အသံ ထွက်မလာခင်

အချိန်ကလေးအတွင်းမှာပဲ “ဟေ့ကောင်ကျွဲကြီး ကျယ်ကျယ်ပြောကွ” ဆိုတဲ့ အသံကြီး ထွက်လာပါတော့တယ်။ ပြီးတော့မှ ပထမဆုံးမေးခွန်းနဲ့ အစီအစဉ်အတိုင်း ဆက်သွားပါတော့တယ်။ မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ အသံကြောင့် ကျနော်တို့အားလုံး  အံ့အားသင့်နေကြ၊ တယောက်မျက်နှာ တယောက်ကြည့်ကြပါတယ်။ အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်ရဲ့ မျက်နှာဟာ မည်းခနဲ ဖြစ်သွားပြီးမှ ပြုံးစစ ပြန်ဖြစ်လာပါတယ်။

အသံလွှင့် အစီအစဉ် အားလုံးပြီးသွားပါပြီ။ အသံလွှင့်တဲ့ နောက်ဆုံးအပိတ်တီးလုံး ပြီးသွားပါပြီ။ လူတွေအားလုံး စတူဒီယိုတံခါးဆီ ကြည့်နေကြပါပြီ။ ဒါပေမဲ့ စတူဒီယိုအခန်းထဲက ကိုထွန်းထွန်း တော်တော်နဲ့ ထွက်မလာသေးပါဘူး။ သုံးမိနစ်ခန့်ရှိကာမှ အခန်းထဲကနေ ငိုမလို ရယ်မလို မျက်နှာကြီးနဲ့ အခန်းအပြင်ဘက် ထွက်လာပါတော့တယ်။ 

တိုတိုပြောရရင် အယ်ဒီတာချုပ်က တည်းဖြတ်မှု ချို့ယွင်းချက်အတွက် ကိုထွန်းထွန်းကို စတူဒီယိုအခန်းထဲ သုံးရက်တိတိ မဝင်ရဆိုတဲ့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တကယ်တော့ ကိုထွန်းထွန်းက မေးတော့မဲ့အချိန် တဖက်က ခပ်တိုးတိုး စကားပြောလို့ စိတ်ပူပြီး သူ့သူငယ်ချင်းကို အဲသလို သတိပေးစကား မေးခွန်းမမေးခင် သတိပေးလိုက်တာပါ။ “ဟေ့ကောင်ကျွဲကြီး ကျယ်ကျယ်ပြောကွ” ဆိုတဲ့စကားဟာ တကယ်ကို တိုးပါတယ်။ ဒါပေမဲ့ တည်းဖြတ်ထုတ်ရမှာကတော့ အသေအချာပါပဲ။ အဲဒီအပိုင်းလေးကို ကိုထွန်းထွန်း သတိလက်လွတ်ဖြစ်ပြီး ဖြတ်မထုတ်လိုက်မိတာပါ။

အော်ဒီဆောင်းပါးနိဂုံးချုပ်အနေနဲ့ ဖြည့်စွက်ပြောချင်တာတခုရှိပါတယ်။ အဲဒီနေ့ အဲဒီအချိန်က DVB အသံလွှင့်ချက်တွေဟာ မြန်မာပြည်အနေနဲ့ အသံကြည်လင်ပြတ်သားမှု အင်မတန် အားနည်းနေသေးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစီအစဉ်မှူး ကိုထွန်းထွန်းရဲ့ “ဟေ့ကောင် ကျွဲကြီး ကျယ်ကျယ်ပြောကွ” ဆိုတဲ့အသံကို ပီပီသသ ကြားလိုက်ရသူ တဦးမှ မရှိခဲ့ဘူးဆိုတဲ့အချက် ဖြည့်စွက်ပြီး ပြောလိုက်ပါရစေ။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013