Home
ဆောင်းပါး
စာရေးဆရာတွေကိုယ်၌က မလိုလားတဲ့ စာဆိုတော်နေ့ အခမ်းအနား
DVB
·
December 20, 2025

၁။

၁၉၇၀ လောက်ကပါ။ ပဲခူးမြို့ စာဆိုတော်နေ့အခမ်းအနား ပြင်ဆင်ကြိုးပမ်းကြစဉ်ကပါ။

ကိုစန်းမောင် (ဗဟိုတရားရုံးရှေ့နေ၊ လိုင်စင်အသိမ်းခံထားရသူ)က စာဆိုတော်နေ့ အခမ်းအနားကျင်းပနိုင်ဖို့ သူနဲ့အတူ ဝိုင်းကူလုပ်ပေးဖို့ လာပြောတာမို့ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးကို ကျနော်တက်ပါတယ်။ အဲဒီတုန်းက ပါတီကောင်စီ အရှိန်ကောင်းနေတဲ့ အချိန်။ အစည်းအဝေးမှာ နာမည်ကျော်စာရေးဆရာတွေဖြစ်တဲ့ “ရောင်နီ” နဲ့ “တက္ကသိုလ်တင်မြင့်” တို့လည်း အစည်းအဝေးတက်ပါတယ်။ ကျနော်တို့က နယ်ခံစာပေဝါသနာရှင်အနေနဲ့ အစည်းအဝေး တက်ကြရတာပါ။

ပဲခူးမြို့ စာဆိုတော်နေ့အခမ်းအနားကို စည်စည်ကားကား ကျင်းပချင်ကြောင်း၊ ကုန်ကျငွေကို မြို့နယ်ကောင်စီက ထုတ်ပေးမှာဖြစ်ကြောင်း ပါတီယူနစ်ဥက္ကဋ္ဌ ဗိုလ်ကြီးချစ်တင်က စကား စပြောပါတယ်။ (အဲဒီအချိန် အချိန်တိုကာလအတွင်းမှာ အာဏာရယူထားတဲ့ မဆလအစိုးရက အလုပ်သမား၊ လယ်သမား၊ လူငယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အလုပ်သမား၊ လယ်သမားနဲ့ လူငယ်တွေကို စည်းရုံးသိမ်းသွင်းနေတဲ့ အချိန်ဖြစ်ပါတယ်။)

အဲဒီမှာ ဟောကြ ပြောကြမဲ့ စာရေးဆရာတွေ စာရင်းတင်ကြ၊ ရွေးကြတဲ့အခါ ကိုစန်းမောင်နဲ့ ကျနော်တို့ လူငယ်တစုကတင်တဲ့ စာရေးဆရာစာရင်းနဲ့ စာရေးဆရာရောင်နီနဲ့ တက္ကသိုလ်တင်မြင့်တို့က တင်တဲ့ စာရေးဆရာစာရင်းဆိုပြီး နှစ်အုပ်စုဖြစ်လာပါတယ်။ ကျနော်နဲ့ ကိုစမ်းမောင်တို့တင်တဲ့စာရင်းက ဆရာဒဂုန်တာရာ၊ တင်မိုး၊ မောင်သင်းခိုင်၊ မုံရွာတင်ရွှေ၊ မောင်လင်းယုန်ရှမ်းပြည်တို့ကို ဖိတ်ကြားဖို့ စာရင်းတင်ပါတယ်။ ဆရာရောင်နီတို့ဘက်က တင်တဲ့စာရေးဆရာတွေက သိပ္ပံမှူးတင်၊ ယုဝတီခင်စိန်လှိုင်၊ ယုဝတီဂျင်းဖေါမယ်တို့ ဖြစ်ကြပါတယ်။

ဒီနေရာမှာ သဘောထားမတူတဲ့အချက် ထပ်ရှိလာပြန်ပါတယ်။ စာရေးဆရာရောင်နီတို့က စာဆိုတော်နေ့ အခမ်းအနားကို အကအခုန်တွေနဲ့စင်ထိုးပြီး ကပွဲခုန်ပွဲနဲ့အတူ စာရေးဆရာတွေ ဟောပြောကြမဲ့ ပုံစံဖြစ်ပြီး ကျနော်တို့ကတော့ ဟောပြောပွဲမပါ စာရေးဆရာနဲ့ စာဖတ်သူ တိုက်ရိုက် ရေးသူဖတ်သူဆွေးနွေးပွဲသဘော လုပ်ချင်ကြတဲ့ပုံစံဆိုပြီး စာဆိုတော်နေ့အခမ်းအနား ကျင်းပပုံ ပုံစံ နှစ်မျိုးဖြစ်လာပါတယ်။

နောက်ဆုံးတော့ တာဝန်ရှိသူ‌‌တွေရဲ့ ညှိနှိုင်းမှုအရ စာဆိုတော်နေ့အခမ်းအနားကို  နှစ်ရက်ကျင်းပဖို့၊ ပထမနေ့ ညမှာ အထက (၃) ကျောင်းဝင်းထဲ စင်ထိုးပြီးကျင်းပဖို့နဲ့ ဒုတိယနေ့ကြတော့ မြို့တော်ခန်းမမှာကျင်းပကြဖို့ သဘောတူခဲ့ကြပါတယ်။ ပထမနေ့ စာဆိုတော်နေ့အခမ်းအနားကို အကအခုန်တွေနဲ့အတူ စာရေးဆရာတွေက ညအချိန်မှာ ဟောပြောကြမှာဖြစ်ပြီး ဒုတိယနေ့ ရေးသူဖတ်သူတွေ့ဆုံဆွေးနွေးပွဲကိုတော့ မြို့တော်ခန်းမထဲ နေ့ခင်းပိုင်းမှာ ကျင်းပဖို့ ဖြစ်လာပါတယ်။

ဆရာဒဂုန်တာရာ ဦးဆောင်တဲ့ စာရေးဆရာကဗျာဆရာတွေနဲ့ တက်ရောက်သူပရိတ်သတ်က  မျက်နှာချင်းဆိုင် ကြမ်းတပြေးထဲထိုင် အမေးအဖြေသဘော ကျင်းပကြဖို့ ဆုံးဖြတ်ကြပါတယ်။  ကိုစန်းမောင်နဲ့ ကျနော်က အခမ်းအနားမှူးအဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီနေရာမှာ ကျနော်တို့လူငယ်တချို့ ရွေးချယ်ခဲ့ကြတဲ့ စာဆိုတော်နေ့အခမ်းအနား ရေးသူဖတ်သူ တွေ့ဆုံဆွေးနွေးပွဲကို ဆရာဒဂုန်တာရာကိုယ်၌က လက်ခံအားပေးမှုကြောင့် အောင်မြင် ဖြစ်မြောက်လာခဲ့တာပါ။ ကျနော်တို့တတွေ ဆရာဒဂုန်တာရာဆီသွားပြီး စာဆိုတော်နေ့အတွက် ဖိတ်ကြားစဉ်တုန်းကလည်း ဆရာဒဂုန်တာရာက ဟောပြောပွဲဆိုရင် သူ မတက်ရောက်နိုင်ကြောင်း တိတိကျကျ မေးပြီးပြောပြီးမှ ကျနော်တို့ရဲ့ ရေးသူဖတ်သူတွေ့ဆုံဆွေးနွေးပွဲကို လက်ခံတက်ရောက်ခဲ့တာပါ။

၂။

ဒီနေရာမှာ ဆက်စပ်မှုလည်းရှိ လိုအပ်မယ်လည်းထင်လို့ တခြားအကြောင်းအရာတချို့ ကြားညှပ်ပြောဖို့ ရှိပါတယ်။

အဲဒီအချိန်က စာရေးဆရာရောင်နီနဲ့ စာရေးဆရာတက္ကသိုလ်တင်မြင့်တို့က ပဲခူးမှာနေကြပါတယ်။ တက္ကသိုလ်တင်မြင့်ဆိုရင် သွန်းဘုရားလမ်းထဲ ကျနော်တို့အိမ်နဲ့ မျက်စောင်းထိုးအိမ်မှာ နေတာပါ။ 

စာရေးဆရာရောင်နီက စစ်တပ်က စစ်ဗိုလ်လူထွက်။ “ရှမ်းပြည်ရောက်ဧည့်သည်” ဝတ္ထုရေးပြီး အရမ်းနာမည်ကြီးနေတဲ့အချိန်ပါ။ တက္ကသိုလ်တင်မြင့်ကြတော့ စုံထောက်ဝတ္ထုတွေရေးပြီး အရောင်းရဆုံးစာအုပ်တွေနဲ့ ထုတ်ဝေသူတွေဝိုင်းဝိုင်းလည်နေတဲ့ အချိန်ပါ။

မြို့နယ်ကိုယ်စားပြု စာဆိုတော်နေ့အခမ်းအနား မကျင်းပခင်ရက်ပိုင်းက ကျနော်က မီးရထားသံလမ်း အလုပ်သမားတွေ ဦးစီးကျင်းပတဲ့ စာဆိုတော်နေ့အခမ်းအနားမှာ စာပေဝါသနာရှင်တယောက်အနေနဲ့ စကားတက်ပြောခွင့်ရပါတယ်။ တကယ်တော့ အဲဒီအခမ်းအနားကို အတက်ကြွဆုံးဦးစီးခေါင်းဆောင်နေတဲ့ မီးရထားအလုပ်သမားခေါင်းဆောင်က ကျနော်နဲ့ ညီအစ်ကိုလိုခင်မင်သူပါ။ စာပေဝါသနာပါသူပါ။ သူ့တိုက်တွန်း ဆော်ဩမှုကြောင့် ကျနော်က နယ်ခံစာပေဝါသနာရှင်တယောက်အနေနဲ့ စင်ပေါ်တက် စကားပြောခွင့် ရတာပါ။

အဲဒီညက စာရေးဆရာရောင်နီလည်း အထူးဖိတ်ကြားခံရတဲ့ နာမည်ကျော်စာရေးဆရာတယောက် အနေနဲ့ စာပေဟောပြောရပါတယ်။

အဲဒီအခမ်းအနားက ပဲခူးမြို့ ဘူတာရုံရှေ့ကွက်လပ်မှာ စင်မြင့်ထိုးပြီး ကျင်းပတာပါ။ ပဲခူးမြို့ မီးရထားသံလမ်း အလုပ်သမားများ စာဆိုတော်နေ့အခမ်းအနား ဆိုင်းဘုတ်ကြီးထောင်ပြီး ကျင်းပတာပါ။

ကျနော်ပြောဆိုရတဲ့ အစီစဉ်ရောက်တော့ ကျနော်ကစာဆိုတော်နေ့အခမ်းအနား စတင်ဖြစ်ပေါ်လာပုံ သမိုင်းအစကို အရင်ရှင်းပြပါတယ်။ လွတ်လပ်ရေးမရခင် ဂျပန်ခေတ်မှာ စာရေးဆရာတွေက စာဆိုတော်တွေကို ဂုဏ်ပြုတဲ့စာဆိုတော်နေ့ကို နတ်တော်ဆန်း ၁ ရက်နေ့ကိုရွေးပြီး ကျင်းပရာက စခဲ့ကြောင်း အဲဒီအခမ်းအနားမှာ ဖက်ဆစ်ဂျပန်တွေအပေါ် စောင်းပါးရိပ်ခြေ ဝေဖန်ဆန့်ကျင်တဲ့ ပြဇာတ်ကို စာရေးဆရာတွေက စင်တင်ကပြခဲ့ကြကြောင်း အစချီလိုက်ပါတယ်။ နောက်တော့ ဘယ်လိုက ဘယ်လို စိတ်ပါလာသလဲမသိတော့ဘဲ စင်အောက်မှာ အကျအနထိုင်နေတဲ့ စာရေးဆရာရောင်နီကို ငုပ်တုပ်ထားပြီး စာပေနယ်ပယ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်စေသော ဝတ္ထုများဆိုတဲ့အကြောင်းအရာ ရောက်သွားပါတယ်။

ကျနော်က ဘာကိုဥပမာပေးသလဲဆိုတော့ ရှေးပဒေသရာဇ်ခေတ်တုန်းက ပဒေသရာဇ်မင်းတွေဟာ သမီးကညာ နှမကညာ အပြန်အလှန်ဆက်သကြပြီး ချစ်ကြည်ရေးလုပ်ကြလေ့ရှိကြောင်း ပဒေသရာဇ်အချင်းချင်း ယိုင်းခြင်းသာဖြစ်ကြောင်း။ အခုကြတော့ ဗမာစစ်ဗိုလ်နဲ့ တိုင်းရင်းသူတဦး ပေးစားပြီး ချစ်ကြည်ရေးဇာတ်လမ်းဝတ္ထုတွေ ခေတ်စားနေတာဟာ မှန်ကန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မဖြစ်စေတဲ့အပြင် တိုင်းရင်းသားတွေဘက်က နာကျည်းဒေါသဖြစ်စေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဖြစ်စေတဲ့အပြင် သွေးပိုကွဲစေမှာသာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

စကားပြောလို့ဆုံးပြီး စင်ပေါ်ကဆင်းတော့ စာရေးဆရာရောင်နီက တခြားကိစ္စရှိလို့ဆိုပြီး ကျနော့် ဟောပြောချက်မဆုံးခင် ထပြန်သွားခဲ့ကြောင်း သိရပါတော့တယ်။

ဒီကြားထဲ “အပစ်အခတ် အညှစ်အသတ် အညစ်အပတ်” စာပေဆိုတဲ့ ဆရာမောင်စွမ်းရည်ရဲ့ စကားလုံးကို ယူသုံးပြီး စုံထောက်ဝတ္ထုတွေကို ဝေဖန်တဲ့စကား ပြောဖြစ်အောင် ပြောလိုက်ပါသေးတယ်။ ကျနော်ထင်ပါတယ်။ အဲဒီတုန်းက ပဲခူးမြို့ စာဆိုတော်နေ့အခမ်းအနား ပြင်ဆင်ကြတဲ့အခါ စာရေးဆရာရောင်နီ၊ စာရေးဆရာတက္ကသိုလ်တင်မြင့်တို့နဲ့ ကျနော်တို့ လူငယ်စာပေသမားတချို့ သဘောထားကွဲသလိုရှိခဲ့တာ သဘာဝတော့ ကျမယ်ထင်မိပါရဲ့။

၃။

အဲဒီနှစ် ပဲခူးမြို့ စာဆိုတော်နေ့အထိမ်းအမှတ် ရေးသူဖတ်သူ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ထပ်ပြောစရာ အမှတ်တရ အဖြစ်အပျက်တခု ရှိပါသေးတယ်။

အဲဒီတုန်းက ကျနော်တို့အဓိကထားပြီး ဖိတ်ကြားထားသူတွေက မိုးဝေကဗျာဆရာအုပ်စုပါ။ မောင်သင်းခိုင်တို့ မုံရွာအောင်ရှင်တို့ပေါ့။ ဒါပေမဲ့ အောင်ချိမ့်နဲ့ မောင်ချောနွယ်ကိုကြတော့ ဖိတ်တယ်လည်းမဟုတ် မဖိတ်ဘူးလည်းမဟုတ်၊ မသိမသာ ဘာမှမပြောဘဲထားကြဖို့ ကိုစန်းမောင်နဲ့ ကျနော်က တိုင်ပင်ထားကြတာပါ။ သူတို့နှစ်ယောက်က နာမည်ရလာနေကြတဲ့ မိုးဝေကဗျာဆရာတွေ ဖြစ်ကြတာလည်းမှန်တယ်၊ ကျနော်တို့နဲ့ သိကျွမ်းရင်းနီးကြသူတွေလည်း မှန်တယ်၊ မိုးဝေကဗျာဆရာတွေကို ဦးစားပေးဖိတ်ကြားတာလည်း မှန်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ပါလာမှာကိုလည်း စိုးရိမ်ကြလို့ပါ။

ဒီလိုပါ။ ဒီတုန်းက စတီဒီယိုသီချင်းတွေပေါ်ခါစ လမ်းသူရဲသီချင်းဆိုပြီး အုပ်စိုးသူအသိုက်အဝန်းက ဝိုင်းပြီး ဆန့်ကျင်ပြနေတဲ့အချိန် အမျိုးသားယဉ်ကျေးမှုကိုဖျက်ဆီးတဲ့ သီချင်းတွေဆိုပြီး ဝိုင်းတိုက်နေတဲ့အချိန်၊ ကိုအောင်ချိမ့်တို့ ကိုချောတို့က ဆံပင်ဂုတ်ဝဲ ခေါင်းလောင်းဘောင်းဘီတွေ နဲ့အပြင် ပေပေတေတေနေကြထိုင်ကြသူတွေဖြစ်တာမို့ နောက်မှ အကျိုးအကြောင်းပြောပြ တောင်းပန်ကြမယ်ဆိုပြီး ကျနော်တို့က တမင်ကို သူတို့ကိုဘာမှမပြောဘဲ လုပ်စရာရှိတဲ့အလုပ် ကြိတ်လုပ်နေခဲ့ကြတာပါ။ အဲသလိုလုပ်နေတဲ့ကြားက အခမ်းအနားမကျင်းပမီ ကပ်ပြီး သူတို့နှစ်ယောက်က ရောက်ချလာကြပါလေရော။ ဒီတော့လည်း ကျနော်နဲ့ ကိုစန်းမောင်တို့လည်း ဘာမှမပြောကြတော့ဘဲ အခြေအနေကြည့်ထိန်းလုပ်ရမှာပဲဆိုပြီး သူတို့နှစ်ယောက်ကိုလည်း ဧည့်သည်တော် စာရေးဆရာကဗျာဆရာတွေထဲ နေရာချထားလိုက်ကြပါတယ်။ 

ထင်ထားတဲ့အတိုင်း အဲဒီအခမ်းအနားမှာ စာဖတ်သူတွေဘက်က လူငယ်တယောက်က အခုလိုမေးခွန်းတခု ထမေးပါတယ်။ အခမ်းအနားမှာ စကားပြောခွက် နှစ်ခုရှိပါတယ်။ တခုက စာရေးဆရာတွေဘက်က ပြောဖို့စကားပြောခွက်တခုနဲ့ နောက်တခုက စာဖတ်သူတွေဘက်က ပြောဆိုလို့ရအောင်ဆိုပြီး ချပေးထားတဲ့စကားပြောခွက်တခုပါ။

စာဖတ်သူတွေထဲက မေးခွန်းမေးသူတယောက်က မြို့နယ်လမ်းစဉ်လူငယ်စည်းရုံးရေးကော်မီတီဝင် စိန်လှိုင်ဗိုလ်ပါ။ သူဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားယူလာနေတဲ့ လမ်းစဉ်လူငယ်ခေါင်းဆောင် တယောက်ပါ။ အာဏာရ မဆလပါတီရဲ့ အမာခံအရန်အဖွဲ့အစည်းပါ။ (စိန်လှိုင်ဗိုလ်ဟာ အဲဒီအချိန်ကတည်းက နိုင်ငံရေးဆောင်းပါးတွေ ရေးနေသူဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး ချိန်မှာတော့ ဒီမိုကရေစီဆန့်ကျင်ရေးသမား စစ်တပ်ထောက်ခံဆောင်းပါးတွေ အတိအလင်း ရေးသားလာခဲ့သူပါ။)

သူမေးတဲ့မေးခွန်းက ကဗျာဆရာအောင်ချိမ့်တို့ မောင်ချောနွယ်တို့ကို တမင်ရည်ရွယ်ပြီးမေးတာပါ။ အခုဆိုရင် မြန်မာပြည်မှာ နယ်ချဲ့တိုင်းတပါး အရင်းရှင်နိုင်ငံတွေရဲ့ သရုပ်ပျက်ယဉ်ကျေးမှုကို ဆန့်ကျင်တိုက်ဖျက်နေကြရတဲ့အကြောင်း ဥပမာ သရုပ်ပျက်စတူဒီယိုတေးတွေ၊ ခေါင်းလောင်း ဘောင်းဘီဝတ် ဆံပင်အရှည်ထားတဲ့ သရုပ်ပျက်ဝတ်စားဆင်ယဉ်မှုတွေကို အားလုံး သိနေကြပြီးဖြစ်ကြောင်း၊ ကျနော်တို့သိထားတဲ့အချက်က မိုးဝေမဂ္ဂဇင်းဟာ နယ်ချဲ့ အရင်းရှင်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးစာပေတွေ ကဗျာတွေ ဖေါ်ပြနေတဲ့ မဂ္ဂဇင်းဖြစ်ပါကြောင်း ဒီလိုအချိန်မှာ မိုးဝေကဗျာဆရာတချို့က ဘာပြုလို့ နယ်ချဲ့အရင်းရှင်ရဲ့ ယဉ်ကျေးမှုကို လက်ခံပြီး သရုပ်ပျက်ယဉ်ကျေးမှု ဝတ်စားဆင်ယဉ်မှုနဲ့နေထိုင်တာဟာ အပြောနဲ့အလုပ် မကိုက်ညီသလိုဖြစ်နေတာ ဘာ့ကြောင့်လဲဆိုတာ သိပါရစေဆိုပြီး စိန်လှိုင်ဗိုလ်က မေးခွန်းမေးလိုက်တာပါ။

ပထမတော့ ကဗျာဆရာတွေဘက်က အောင်ချိမ့်နဲ့ မောင်ချောနွယ်တို့က ချက်ချင်းဆိုသလို ပြန်လည်ဖြေကြားဖို့ ဟန်ပြင်ကြပါတယ်။ အဲဒီအခါကြတော့ ဆရာဒဂုန်တာရာက မောင်ချောနွယ်တို့ကို မဖြေဖို့တားလိုက်ပါတယ်။ သူဖြေပါရစေဆိုပြီး ခွင့်တောင်းပါတယ်။ အမှန်တော့ ဆရာတာရာ တားလိုက်တာလည်း ကောင်းပါတယ်။ မောင်ချောနွယ်နဲ့ အောင်ချိမ့်တို့ရဲ့ အမူအရာက စိန်လှိုင်ဗိုလ်ကို လူငယ်စိတ်ဒေါသနဲ့ တုံ့ပြန်ဖြေဆိုတော့မဲ့ သဘောဖြစ်လာတာမို့ ဆရာတာရာက စာရေးဆရာတွေကိုယ်စား သူပဲပြန်ဖြေခွင့်ပြုဖို့ ခွင့်တောင်းလိုက်တာပါ။ ပြီးတော့ ဆရာဒဂုန်တာရာက တက်ရောက်လာတဲ့စာရေးဆရာများအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်လာသူပါ။ ဒါ့အပြင် အဲဒီအချိန်က မိုးဝေစာပေသမားတွေ လူငယ်ကဗျာဆရာတွေက ဆရာဒဂုန်တာရာအပေါ်  အင်မတန်လေးစားချစ်ခင်ကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဆရာဒဂုန်တာရာက လေအေးအေးလေးနဲ့ စိန်လှိုင်ဗိုလ်ရဲ့မေးခွန်းကို ဖြေပါတယ်။ စိန်လှိုင်ဗိုလ်ရဲ့ မေးခွန်းကို အခုလိုဖြေခွင့်ရလို့လည်း ဝမ်းသာကြောင်းကျေးဇူးတင်ကြောင်း စကားခံပါတယ်။

အမှန်တကယ်တော့ ဘောင်းဘီပွပွကြီးတွေဝတ်တာ ဆံပင်အရှည်ထားတာ ကြောင်ကြောင် ကျားကျား သီချင်းတွေဆိုတာ ကိုစိန်လှိုင်ဗိုလ်ပြောသလို နယ်ချဲ့အရင်းရှင်တွေရဲ့ ယဉ်ကျေးမှုဆိုတာ မဟုတ်တဲ့အကြောင်း၊ အဲဒီအရင်းရှင်တွေကိုပဲ ဆန့်ကျင်‌ကြောင်းပြတဲ့ ယဉ်ကျေးမှုအပြုအမူ တခုသာဖြစ်ကြောင်း၊ အရင်းရှင်စနစ်ရဲ့ တင်းကျပ်မှု၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှုကို မခံမရပ်နိုင်လို့ နဂိုလ်ရှိရင်းဆွဲ အရင်းရှင်ယဉ်ကျေးမှုထဲက ဖေါက်ထွက်ပြီး အရင်းရှင်ယဉ်ကျေးမှုအဟောင်းကို ဆန့်ကျင်တဲ့အပြုအမူ ယဉ်ကျေးမှုငယ်တခုသာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကိုယ့်ဘက်က ကိုယ့်စည်းဝိုင်းထဲက ယဉ်ကျေးမှုငယ်တခုသာဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ဟစ်ပီယဉ်ကျေးမှုပဲ ဖြစ်ဖြစ်၊ ဘယ်လိုယဉ်ကျေးမှုပဲဖြစ်ဖြစ်၊ လူတွေလက်ခံခြင်း၊ လက်မခံခြင်းနဲ့ စမ်းသပ်ရမှာဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ တာရှည်ခံခြင်း မခံခြင်းဆိုတဲ့အဖြေပေါ်လာစမြဲဖြစ်ကြောင်း ဝတ်စားဆင်ယဉ်မှု ရေစီးကြောင်းဆိုတာ အမြဲတန်းစီးဆင်းပြောင်းလဲနေမှာဖြစ်ကြောင်း ရှင်းပြပါတယ်။

ပြီးတော့မှ ဘောင်းပွပွဝတ်တာ ဆံပင်ရှည်ထားတာ သီချင်းအသစ်၊ သံစဉ်အသစ်တွေဟာ ကိုစိန်လှိုင်ဗိုလ် ပြောသလို အရင်းရှင်ရဲ့ယဉ်ကျေးမှုမဟုတ်ဘဲ အရင်းရှင်ဆန့်ကျင်ရေး ယဉ်ကျေးမှုငယ် တခုသာဖြစ်ပြီး ကိုယ့်ဘက်က၊ ကိုယ့်စည်းဝိုင်းထဲက ယဉ်ကျေးမှုအသစ် ယဉ်ကျေးမှုအငယ်( Sub)သာဖြစ်ကြောင်း သေသေချာချာရှင်းပြလိုက်ပါတယ်။ အဲဒီအခါကြတော့မှ တက်ရောက်လာကြသူအားလုံး ခန်းမအပြည့် လက်ခုပ်သံတွေ ညံလွှမ်းမိုးသွားပါတော့တယ်။

၄။

စာလည်း နည်းနည်းရှည်သွားခဲ့ပြီ။

စာဆိုတော်နေ့အခမ်းအနားတွေဟာ စာရေးဆရာတွေက စင်ပေါ်က ဟောသမျှပြောသမျှ အောက်ကပရိတ်သတ်က ထိုင်နားထောင်ရတဲ့ အခမ်းအနားပုံသဏ္ဍာန်တခုတည်းလောက်နဲ့ မလုံလောက်‌တော့ဘူးလို့ ကျနော်ယူဆမိခဲ့တာ ကြာပါပြီ။

ရေးသူဖတ်သူ တွေ့ဆုံဆွေးနွေးတဲ့ စာဆိုတော်နေ့အခမ်းအနားမျိုး တကယ်ကိုလိုအပ်တယ်လို့ ယူခဲ့တာ ကြာပါပြီ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုး အခက်အခဲအမျိုးးမျိုးအပေါ်မူတည်ပြီး စာဆိုတော်နေ့အခမ်းအနားပုံသဏ္ဍာန်သစ်ဟာ အခုထက်ထိ ဖြစ်ပေါ်လာခြင်း မရှိသေးပါဘူး။

ဒီလို ဖြစ်နေရခြင်းရဲ့ အကြောင်းတရားများစွာထဲမှာ စာဆိုတော်တွေ (သို့မဟုတ်) စာရေးဆရာတွေ ကိုယ်တိုင်က ဒီစာဆိုတော်နေ့အခမ်းအနားပုံသဏ္ဍာန်သစ် (ဝါ) ရေးသူဖတ်သူတွေ့ဆုံ ဆွေးနွေးပွဲပုံသဏ္ဍာန်ကို လက်မခံကြ၊ အားမပေးကြ၊ စိတ်မဝင်စားကြတာဟာလည်း အဓိကအကြောင်းတရားတခု ဖြစ်နေသလားဆိုတဲ့မေးခွန်း ကျနော်စိတ်ဝင်စားနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါကြောင်း။ ။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013