
တဲရဲ့အပြင်ဘက်မှာ လရောင်က ကြည်လင်အေးမြလွန်းနေသည်။ မလှမ်းမကမ်းအထိ လျှောက်မြောင်းမြွေလိမ်မြွေကောက်လမ်းလေးကို ထင်ထင်ရှားရှား မြင်နေရ၏။
ရန်သူက တခါတရံ သေနတ်လွယ် ပုဆိုးခြုံပြီး ထိုးဖောက်ဝင်ရောက်လာတတ်သဖြင့် ညအချိန် မည်သူမျှ ပုဆိုးခြုံပြီး မသွားမလာရဟု အမိန့်ထုတ်ထားရ၏။
ချက်ချင်းဆိုသလို ကျောင်းသားတပ်မတော်မှ ရဲဘော်တချို့ ထပ်ရောက်လာကြသည်။ သူတို့နှင့်အတူ ကျနော်လည်း တဲထဲဝင်လိုက်သည်။ တဲထဲတွင် လူ ရှစ်ယောက် ချမ်းချမ်းအေးအေးနှင့် ပူးကပ်ထိုင်ကြရသည်။ နှစ်ယောက်က တဲပေါက်ဝအပြင်ဘက် ထွက်ထိုင်နေရ၏။ သူတို့အားလုံးကို နာမည်လေးတွေ ပြောကြဖို့ တောင်းပန်လိုက်သည်။ အားလုံး အသက် နှစ်ဆယ်ကျော်တွေချည်း ဖြစ်သည်။ အကြီးဆုံးက ၂၇ နှစ်။ နေရာစုံ ဒေသစုံကဖြစ်သည်။ သူတို့အားလုံး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ကျောင်းသားတပ်မတော်မှဖြစ်သည်။ သူတို့သည် မယ်ညောခီး ခံစစ်စည်းကြောင်းပေါ် KNU တပ်များနှင့်တွဲပြီး တပ်စွဲနေကြရသည်။ တယောက်က ငါးလကြာ ကျန်သူများက အနည်းဆုံး သုံးလကြာ သည်နေရာတွင် တာဝန်ကျနေကြသည်ဟု ဆိုသည်။
သည်နေရာသို့ အရပ်သားများလာလေ့မရှိ။ ဖြတ်သွားဖြတ်လာမရှိ။ တော်လှန်ရေးစစ်သားများသာ ပြောက်တိပြောက်ကျား လာလေ့ရှိသည်။ တပ်မဟာ ၁ နယ်မြေဖြစ်သည့် ဘားအံမြို့နယ်သို့ သွားနိုင်ဖို့ သံလွင်အတိုင်းမဆင်းဘဲ မာ်ညောခီးတောင် ခါးလည်မှဖြတ်ကာ တောင်ကိုကြောပြီးမှ သွားရ၏။ အဆင်းအတက်တော့ ကြမ်း၏။ တလနေလို့ တခါတရံမှသာ ဖြတ်သွားဖြတ်လာရှိ၏။ ထို့ကြောင့် မမျှော်လင့်ဘဲ သတင်းထောက်တဦးရောက်လာသဖြင့် အားလုံးဝမ်းသာနေကြသည်။ ထို့ပြင် ကျနော့်ကို ကဗျာဆရာတဦးအနေနှင့် သိထားကြ၏။ ကျနော်က ဒေါင်းအိုးဝေဂျာနယ်တွင် ကဗျာတချို့ ဝင်ရေးထား၏။ မာနယ်ပလောသို့ ရောက်ရှိလာသည့် သုံးလအတွင်း ကျနော်က ကဗျာတွေချည်း ဖိရေးခဲ့၏။
ဒီဇင်ဘာလလည်းဖြစ်သဖြင့် သူတို့က ကျနော်တို့၏စကားဝိုင်းကို စာဆိုတော်နေ့အထိမ်းအမှတ် စာပေစကားဝိုင်းအဖြစ် သဘောထားကြသည်ဟု သိရသောအခါ ကျနော့်မှာ အံ့ဩရ၏။ ပီတိလည်းဖြစ်ရ၏။ မယ်ညောခီးတောင်ထိပ် ကတုတ်ကျင်းများကြား ပြုလုပ်သည့် စာဆိုတော်နေ့ စာပေစကားဝိုင်းပင် ဖြစ်လေသည်။
တဲထဲတွင် ချမ်းလွန်းသဖြင့် လူချင်းတိုးဝှေ့ပူးကပ်နေကြရသည်။ သူတို့က မေးခွန်းများဆက်တိုက်မေးသည်။ ကဗျာဆိုတာ ဘာလဲ၊ ကဗျာဆိုတာ ဘယ်လိုရေးရသလဲ။ မြန်မာကဗျာရေစီးကြောင်းထဲမှာ အာဏာရှင်ဆန့်ကျင်ရေးကဗျာတွေရှိသလား။ လက်ရှိ မြန်မာစာပေရေစီးကြောင်းအခြေအနေ။
ကျနော်က ဖြေတတ်သလောက်ပြန်ဖြေရသည်။ သူတို့ကျေနပ်သည်အထိတော့ ပြန်မဖြေနိုင်ဟု ယူဆမိသည်။ သူတို့အထဲကတယောက်က စာတော်တော်ဖတ်ထားသည်မှာ သိသာသည်။
တော်လှန်ရေးသမား စာရေးဆရာ နိုင်ဝင်းဆွေအကြောင်း ဝိုင်းမေးကြသည်။ နိုင်ဝင်းဆွေက ကျန်းမာရေးမကောင်းကြောင်းကြားတော့ အားလုံး စိတ်မကောင်းကြ။ သူတို့က စာဖတ်ချင်ကြသည်။ စာအုပ်စာတမ်းကမရှိ။ ဒေါင်းအိုးဝေဂျာနယ်တော့ သူတို့ဆီ အချိန်မှန်မှန်ရောက်သည်။ သူတို့၏ စာဖတ်ချင်စိတ်က သိသာလွန်းပါသည်။ သူတို့အခြေအနေက အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းကြသည်မှာ သူတို့အနေအထားများ သူတို့မျက်နှာများက သက်သေပြနေသဖြင့် ကျနော့်မှာစိတ်မကောင်းဖြစ်ရသည်။
နာရီကိုမေးကြည့်တော့ မည်သူ့တွင်မှ နာရီမရှိကြ။ ည ၁၁ နာရီခန့်ရှိပြီဟုတော့ တဲအပြင်ထွက်ကာ ခန့်မှန်းကြသည်။ မယ်ညောခီးတောင်ကြောကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်။ လရောင်က အေးစက်လင်းထိန်လျက်။
“ကဲ ကိုငြိမ်းဝေလည်း မနက်ကြ ခရီးဆက်ရဦးမယ်၊ ကျနော် မေးခွန်းတခုမေးမယ် ပြီးရင် ကျနော်တို့စကားဝိုင်းလေး နိဂုံးချုပ်ကြတာပေါ့။”
သူတို့အုပ်စုထဲက စာဖတ်အားတော်တော်ကောင်းသူ အသက်အကြီးဆုံး ရဲဘော်က ပြတ်သွားသောစကားဝိုင်းကို ပြန်ဆက်သည်။
“ကျနော် ခင်ဗျားရေးတဲ့ ‘လရောင်ကိုကောက်သင်းကောက်ခြင်း” ကဗျာ အဲဒီကဗျာအကြောင်း ကျနော့်မှာ ပြောစရာနည်းနည်း ရှိတယ်”
“အင်းပြောပါ”
ကျနော်က ယင်းကဗျာကို အတော့်ကို ကျေနပ်အားရနေသောအချိန်ဖြစ်သည်။
“အဲဒီကဗျာကို ကျနော် တော်တော်ကြိုက်တယ်၊ ကြိုက်လို့လည်း ခဏခဏပြန်ဖတ်တယ်၊ အဲ ဖတ်တိုင်းလည်း စိတ်ထဲ ခိုးလို့ခုလု ဖြစ်ရတယ်”
“ဟင် ဘာပြုလို့လဲဗျ”
“ခင်ဗျားက လရောင်ကို တော်လှန်ရေးအနေနဲ့တင်စားပြီးရေးတာနော်”
“ဟုတ်ပါတယ်”
“ခင်ဗျားက နည်းနည်းနောက်ကျပြီး တော်လှန်ရေးထဲရောက်လာတာလို့ ခံစားပြီး ဒီကဗျာရေးတဲ့သဘောနော်”
“ဟုတ်ပါတယ်”
“အာယုတောင်၊ ခွေးအိပ်တောင်၊ စောထစခန်း အဲဒီနေရာတွေမှာ ခင်ဗျားအရင်ရောက်လာကြသူတွေက တော်လှန်ရေးဆိုတဲ့ လရောင်ကို တော်တော်လေးသောက်သုံးကြပြီးပြီ တော်တော်လေး အလုပ်လုပ်ထားကြပြီးပြီဆိုတဲ့သဘော ခင်ဗျားရေးထားတာနော်”
ကျနော်က ဘာမျှမပြောဘဲ နားထောင်သည်။ အားလုံးက သည်နေရာတွင် စိတ်ဝင်တစား ငြိမ်ပြီးနားထောင်ကြသည်။
“ခင်ဗျားက သည်နေရာမှာ တော်လှန်ရေးအလုပ်တွေကို လရောင်နဲ့နှိုင်းပြီး ကောင်းတဲ့အလုပ်လို့ ပြောချင်တဲ့သဘောမို့လား”
“ဟုတ် ဟုတ်တယ်လေ”
“ ဒါဆို ခင်ဗျားကဗျာ သွားပြီ ကျနော်ပြောချင်တာ ဒါပဲ”
“ဟင်”
“ခင်ဗျား တော်လှန်ရေးကို ကောင်းမွန်တဲ့အလုပ်လို့ အထက်မှာ ထပ်ကာတလဲလဲ ရေးခဲ့တယ်နော်”
“ဟုတ်တယ်လေ”
“အဲဒါကြောင့်ပြောတာပေါ့၊ ဘာတဲ့ အဲဒီအပိုဒ် ကျနော် ကောင်းကောင်းအလွတ်ရတယ်၊ ဘာတဲ့”
သူက ခဏမျှရပ်သည်။
“ခင်ဗျားတို့ဟာ လရောင်ဘဏ္ဍာတိုက် သိုက်တူးဖို့ ကြိုးစားခဲ့ကြ…တဲ့။ ဟုတ်တယ်နော်”
“ဟုတ် ဟုတ်တယ်လေ”
“အဲဒါကြောင့် ကျနော်ပြောတာ၊ ကျနော်ဗျာ ကဗျာတပုဒ်လုံး အရမ်းသဘောကျလာခဲ့တာ အဲဒီအပိုဒ်လည်းရောက်ရော အရမ်းစိတ်ပျက်ရတော့တာပဲ”
“ဟင် ဘာပြုလို့”
“ခင်ဗျားစဥ်းစားကြည့်လေ၊ တော်လှန်ရေးအလုပ်ကို ခင်ဗျားက ကောင်းတဲ့အလုပ်လို့ အပေါ်မှာ ထပ်ကာတလဲလဲ ခင်ဗျားရေးထားတယ်နော်၊ ခုတော့ ခင်ဗျားတို့ဟာ လရောင်ဘဏ္ဍာတိုက် သိုက်တူးဖို့ ကြိုးစားခဲ့ကြလို့ ခင်ဗျားရေးတော့ ဒီကဗျာ ပျက်ပြီပေါ့”
“ဟင်”
“မဟင်နဲ့လေ၊ ခင်ဗျားလည်းသိတာပဲဟာ၊ မြန်မာစကားမှာ သိုက်တူးတယ်ဆိုတာ မကောင်းတဲ့အလုပ် နည်းနည်းပါတယ်ဆိုတာ အားလုံးသိတယ်၊ မတော်လောဘ နည်းနည်းပါတယ်လေ၊ ဒီတော့ ဒီနေရာမှာ ခင်ဗျားကဗျာပျက်တော့တာပဲ၊ ကျနော့်မှာဗျာ ကဗျာကိုလည်းကြိုက်၊ ဒါပေမဲ့ သဲတရှပ်ရှပ်နဲ့ ဒန်ဘောက်ထမင်းစားရသလို ဖြစ်တော့တာပဲဗျား”
ထိုညက
ကျနော့်မှာ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ပါ။ အိပ်မပျော်သဖြင့် အိပ်ရာမှ အသာအယာထက တဲအပြင်ဘက်ထွက်ပြီး လရောင်ကိုမော့ကြည့်၏။ မယ်ညောခီးတောင်ထိပ် ကွေ့ကွေ့ကောက်ကောက် လျှောက်မြောင်းပေါ် လရောင်မှာ ပြိုးပြက်ရွှန်းလဲ့လျက်။
နောက်တနေ့မနက်အစောကြီး ခရီးဆက်ရမည်ဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ်ဆုံးမကာ တဲထဲပြန်ဝင်အိပ်စက်ဖို့ ဆုံးဖြတ်ရလေတော့၏။ ။
ငြိမ်းဝေ


