
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဇန်နဝါရီ ၂၀ ရက်က မောင့်ဆိုင်းနိုင်း အနောက်ပိုင်းအပြင်ဘက်မှာ သူနာပြု ၁၅,၀၀၀ လောက် ဆက်သပိတ်မှောက်နေကြပါတယ်။
သီတင်းတပတ်ကျော်ကြာ ညှိနှိုင်းနေတာတွေ ရပ်တန့်သွားပြီးတဲ့နောက် သဘောတူညီချက် တရပ်ရရေး ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့ကို တောင်းဆိုတဲ့ သပိတ်မှောက်မှုမှာ အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်နဲ့ နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီတို့ အပါအဝင် လူသောင်းချီ ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံတဝန်းက သူနာပြုတွေကြားမှာ ကာလကြာရှည် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် လူနာတွေကို ကောင်းကောင်း ပြုစုစောင့်ရှောက်တာ မလုပ်နိုင်ဘဲ သူတို့ရဲ့ တာဝန်ချိန်တွေအဆုံးမှာ စိတ်ပျက်အားငယ်နေတဲ့ လူနာအများအပြားကို ချန်ထားခဲ့ရတယ်ဆိုတဲ့ နိုင်ငံအနှံ့က သူနာပြုတွေရဲ့ စကားကိုဆန်းဒါးစ်က အကြိမ်ကြိမ်ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။
ဆေးရုံတွေအတွင်း အခြေအနေတွေ ပိုဆိုးလာနေလို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ လောဘကြီးတယ်လို့ သူခေါ်ဆိုတဲ့ ဖြစ်ရပ်ကို အပြစ်တင်ခဲ့ပါတယ်။
ဆန်းဒါးစ်က အမှုဆောင်အရာရှိတွေအတွက်လျော်ကြေးကိုလည်း ထောက်ပြခဲ့ပြီး ဆေးရုံတွေမှာ ဝန်ထမ်းအင်အား တိုးတက်ကောင်းမွန်စေဖို့ အရင်းအမြစ်တွေ မရှိဘူးလို့ ပြောလို့မရဘူးလို့လည်း ပြောပါတယ်။
ထိပ်တန်းအမှုဆောင်အရာရှိတွေကို နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ပေးချေတာနဲ့ ယာယီခရီးသွား သူနာပြုတွေအတွက် အများကြီး သုံးစွဲတာတွေ လုပ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
အခု ဒုတိယအပတ်ထဲကို ရောက်နေတဲ့ သပိတ်မှောက်မှုဟာ ဘေးကင်းတဲ့ အလုပ်ခွင်အခြေအနေတွေ၊ တရားမျှတတဲ့ စာချုပ်တွေနဲ့ ဂုဏ်သိက္ခာအကြောင်းဖြစ်တယ်လို့ မမ်ဒါနီက ပြောပါတယ်။
မြို့အနှံ့အပြားရှိ သူနာပြုတွေက အငြင်းပွားမှုကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုအကြောင်း သူ့ကိုပြောပြခဲ့ပြီး အလုပ်ရပ်နားမှုတွေက နောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
မမ်ဒါနီက နှစ်ဖက်စလုံးကို ပြန်ညှိနှိုင်းကြဖို့နဲ့ သူနာပြုတွေ လူနာစောင့်ရှောက်မှုဆီ ပြန်ရောက်ရေး အမြန်ဖြေရှင်းချက်ရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
Source: Reuters


