
အမေရိကန်ပြည်ထောင်စုရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် တရားမဝင် ဝင်ရောက်စွက်ဖက်မှုပြီးနောက်မှာ မသေချာမရေရာမှုကို သိသိသာသာ ခံစားနေရပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ ထုံးတမ်းစဉ်လာ မဟာမိတ်တွေအကြား စိတ်လေးလံနေကြရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက အမေရိကန်အတွက်ဖြစ်စေ၊ ကျန်ကမ္ဘာအတွက်ဖြစ်စေ နိဂုံးချုပ်ကောင်းမှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီးသား ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ဗင်နီဇွဲလားမှာ သူ့ရဲ့ ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေ ခံနေရပါတယ်။ ရေရှည်စွဲကိုင်လာတဲ့ တန်ဖိုးထားမှုတွေကို ယိုယွင်းကျဆင်းစေပြီး တခြားနိုင်ငံတွေအပေါ်လည်း ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ အနည်းဆုံးဆိုရရင် မဟာမိတ်တွေဖြစ်တဲ့ ဒိန်းမတ်နဲ့ ကနေဒါနိုင်ငံတွေလိုမျိုးပါ။ ကမ္ဘာတဝန်းမှာတော့ မသေချာ မရေရာမှုနဲ့ စိတ်လေးလံမှုကြီးကို သိသိသာသာ ခံစားနေရပါတယ်။ ဒါပေမဲ့ ကျန်ကမ္ဘာအတွက်ဖြစ်စေ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး ဆိုတာ ထင်ရှားနေပြီးသား ဖြစ်ပါတယ်။
အခု ဖြစ်ရတဲ့ကိစ္စက လက်ဝဲအင်အားစုတွေအတွက် ရုတ်တရက် မျှော်လင့်မထားဘဲ အံ့ဩစရာတခုလို ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ ဒွိုက်အိုင်ဆင်ဟောင်းဝါရဲ့ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းက သတိပေးချက်ကို ကျနော်တို့ သတိရနေကြတုန်းပါ။ သူက ဒုတိယကမ္ဘာစစ်အတွင်းက ပေါ်ထွန်းလာခဲ့တဲ့ စက်မှု-စစ်ရေး အဆောက်အဦကြီးကို ပြောပါတယ်။ သူ့ရဲ့ စစ်ရေးအသုံးစရိတ်ဟာ တကမ္ဘာလုံးက စစ်ရေးအသုံးစရိတ် အားလုံးပေါင်းနဲ့တောင် မယှဉ်နိုင်ပါဘူး။ ဒီအခါ ဒီလက်နက်တွေကို သုံးပြီး တခြားသူတွေကို ဗိုလ်ကျလွှမ်းမိုးဖို့ လုပ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
သေချာတာကတော့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ အမေရိကန်တွေကြားမှာ သိပ်ပြီးတော့ လူကြိုက်များ ရေပန်းမစားလှပါဘူး။ အရင်က လွဲချော်ခဲ့တဲ့ စွန့်စားမှုတွေဖြစ်တော့ ဗီယက်နမ်၊ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ တခြားနေရာတွေ ရှိပါတယ်။ ဒါပေမဲ့ ထရမ့်ပ်ကတော့ အမေရိကန် ပြည်သူလူထုရဲ့ ဆန္ဒ၊ စိုးရိမ်ပူပန်မှုတွေကို ဘယ်တော့မှ ဂရုစိုက်တာ မဟုတ်ပါဘူး။ သူ နိုင်ငံရေး နယ်ပယ်ထဲကို ဝင်လာကတည်းက (အဲဒီမတိုင်ခင်ကရော) သူ့ကိုယ်သူ ဥပဒေရဲ့ အထက်မှာ ရှိတယ်လို့ သတ်မှတ်ထားသူပါ။ သူ့အတွက် တမဲမှ မလျှော့စေရဘဲ နယူးယောက်၊ အမှတ် ၅ လမ်းမကြီး (New York’s Fifth Avenue) [ဇိမ်ခံဈေးမြင့်မားတဲ့ လူသုံးကုန်တွေ ဝယ်ယူနိုင်တဲ့ ရပ်ကွက်လို့ ဆိုနိုင်မယ်] ရှိနေတဲ့ လူတယောက်ကို သတ်ပစ်လို့ရတယ်လို့ ထင်မြင်နေသူပါ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ယူအက်စ်ကက်ပီတို (လွှတ်တော်အဆောက်အအုံ) ကို သူပုန်ထ ဝင်စီးနင်းကြတဲ့ အဖြစ်အပျက်ကို နှစ်ပတ်လည်ပွဲအဖြစ်တောင် သူ ကျင်းပခဲ့ပြီး၊ သူ့ကိုယ်သူ မှန်တယ်လို့ မှတ်ယူထားသူပါ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲက ရီပတ်ဘလစ်ကန်ပါတီကို သူ ထိန်းချုပ်နိုင်ဖို့ အားဖြည့်ပေးခဲ့ပါတယ်။ သူ့ကို ဘယ်သူမှ တာဝန်ယူ၊ တာဝန်ခံမှု ရှိစေဖို့ မလုပ်နိုင်တော့တာ သေချာသွားပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ အာဏာရှင် နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးတဲ့ကိစ္စက အတော့်ကို ရဲတင်း ‘ဥပဒေမဲ့ပြီး’၊ ဖွဲ့စည်းပုံဥပဒေနဲ့လည်း မညီပါဘူး။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုက ကွန်ဂရက်လွှတ်တော်ကို အတည်ပြုချက်ရယူတာ မဟုတ်ရင်တောင်မှ အသိပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ လွှတ်တော်က ဒီကိစ္စကို “ဥပဒေစည်းကြပ်မှု” အဖြစ် ဥပဒေပြဋ္ဌာန်းပေးခဲ့ရင်တောင်မှ နိုင်ငံတကာဥပဒေအရ တရားခံလွှဲပြောင်းမှုတွေ ရယူဖို့ လိုအပ်နေပါသေးတယ်။
နိုင်ငံတခုက တခြားနိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်လို့ မရပါဘူး။ နိုင်ငံ့ခေါင်းဆောင်ကို အသာထားဦး၊ သူတို့နိုင်ငံထဲက တခြား နိုင်ငံခြားသားတွေကို ဖမ်းဆီးလာလို့ မရပါဘူး။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတာညာဟု၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တချို့သော ခေါင်းဆောင်တွေကို ရာဇဝတ်မှုတွေအတွက် စွဲဆိုထားကြတာ ရှိပါတယ်။ ဒါပေမဲ့ ဘာတွေဖြစ်နေနေ၊ ဘယ်သူကမှ စစ်သားတွေလွှတ် ဖမ်းဆီးဖို့ဆိုတာ မတောင်းဆိုခဲ့ကြပါဘူး။
ပိုလို့ရဲတင်းတာက မကြာသေးခင်က ထရမ့်ပ်ရဲ့ မှတ်ချက်ပေးတာပါပဲ။ သူ ပြောတာက သူတို့အစိုးရက ဗင်နီဇွဲလားကို စီမံအုပ်ချုပ်မယ်၊ ရေနံထုတ်ယူမယ် ဆိုတာပါပဲ။ ဆိုလိုတာက ဝယ်တဲ့သူက ဈေးပိုပေးမယ် ဆိုရင်တောင် ဒီနိုင်ငံက ရောင်းချခွင့် မရှိပါဘူး။ ဒီလို ဒီဇိုင်းတွေကြောင့် ကျနော်တို့အပေါ်မှာ နယ်ချဲ့ဝါဒအသစ် ကျရောက်နေပြီလို့ သဘောရောက်နေပါတယ်။ အင်အားက အခရာ ဖြစ်နေပါတယ်။ ကျန်ကိစ္စတွေက အရေးမပါတော့ပါဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းကတော့ မူးယစ်ဆေးကုန်ကူးသူလို့ စွပ်စွဲထားခံရသူတွေကို ခုံရုံးတင်၊ တရားစီရင်ရေး လုပ်ငန်းစဉ် (due process) မဖြတ်သန်းစေဘဲ ဒါဇင်နဲ့ ချီပြီး သတ်ပစ်တာမျိုးပါ။ တရားဥပဒေ စိုးမိုးရေး ဆိုတာကို ဘေးချိတ်ထားလိုက်တာပါပဲ။ တချိန်က “အမေရိကန်တန်ဖိုး” ဆိုတာကို ဂုဏ်ယူ ပြောဆိုနေကြတဲ့ ရီပတ်ဘလစ်ကန်တွေဆီက ဘာတခွန်းမှ ပြောသံမကြားရပါဘူး။
ဝေဖန်ပြောဆိုသူ အများကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ဆိုးကျိုးပြဿနာ ရှိတာကို ဖော်ပြပြောဆိုကြပါတယ်။ အကယ်၍ အနောက်တိုင်းကမ္ဘာကို ယူအက်စ်က သူ့ဩဇာလွှမ်းမိုးရာ နယ်ပယ်အဖြစ် ပြောဆိုလာရင် (ဒွန်ရိုး အယူအဆ “Donroe Doctrine”) လို့ ခေါ်နေကြပါတယ်။ တရုတ်က ဗင်နီဇွဲလားက ရေနံရယူဖို့ တားမြစ်ကန့်သတ်လာရင်၊ တရုတ်က အရှေ့အာရှကို သူ့နယ်လို့ သတ်မှတ်ပြောဆိုဖို့ မဖြစ်လာနိုင်ဘူးလား၊ ထိုင်ဝမ်က ချစ်ပ်ပြားတွေကို အမေရိကန်က ရယူဖို့ ကန့်သတ်တာ မလုပ်လာနိုင်ဘူးလား။ မေးစရာ ဖြစ်လာပါတယ်။ တိုင်ဝမ်ကို သူက စီမံအုပ်ချုပ်နေစရာတောင် မလိုပါဘူး။ မူဝါဒ တချို့ကို ထိန်းချုပ်လိုက်ရုံပါ။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို တင်ပို့မှုတွေကို ကန့်လိုက်တာမျိုးပါ။
၁၉ ရာစုက နယ်ချဲ့အင်ပိုင်ယာကြီးတွေဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်းလိုမျိုးကို ပြန်အမှတ်ရ ကြည့်ရရင်တော့ ကောင်းပါလိမ့်မယ်။ ၂၀ ရာစုကျတော့ သိပ်အခြေမဟန်တော့ပါဘူး။ အကယ်၍ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒကို နိုင်ငံအများစုက ပူးပေါင်းဆောင်ရွက်မှု ပြုလာခဲ့ရင် ယူအက်စ်အတွက် ရေရှည်အလားအလာက ပိုဆိုးဖို့သာ ရှိပါတယ်။ အနည်းဆုံးတော့ ယူကေတုန်းက လေးစားဖွယ်ကောင်းတဲ့ အုပ်ချုပ်ရေးစံနမူနာတွေကို ကိုလိုနီနယ်ဒေသတွေကို ဖြန့်ဖြူးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဥပဒေစိုးမိုးရေးလိုဟာမျိုး၊ “ကောင်းမွန်သော” အင်စတီကျူးရှင်းလိုဟာမျိုး အနည်းငယ်သောကိစ္စတွေကို မိတ်ဆက်ပေးခဲ့တာပါ။
နှိုင်းယှဉ်ချက်အရ ဆိုရင် ထရမ့်ပ်ရဲ့ နယ်ချဲ့ဝါဒ (Trumpian imperialism) ကတော့ ရှေ့နောက်ညီညွတ်တဲ့ အိုင်ဒီယိုလိုဂျီ ကင်းမဲ့နေပါတယ်။ လူသိရှင်ကြား စံမူသဘော ကင်းမဲ့နေပါတယ်။ အတောမသတ်နိုင်တဲ့ လောဘရယ်၊ အင်အားသာ စကားပြောတယ်ဆိုတာကို ဗြောင်ဖော်ပြနေတာပါ။ ဒီလုပ်ရပ်က တကယ့်ကို မတော်လောဘကြီးတဲ့၊ လိမ်လည်မှု မုသားဖြစ်တဲ့ အလဇ္ဇီ အကျင့်ပျက်မှုတွေနဲ့ အမေရိကန်လူ့အဖွဲ့အစည်းကို မွှေအောင် ဆွဲဆောင်သလို ဖြစ်စေပါမယ်။
ဒီလို အကျင့်စရိုက်မျိုးက ဓနဥစ္စာကို မဖန်တီးပေးနိုင်ပါဘူး။ သူတို့ရဲ့ အင်အားအာဏာကို စနစ်တကျ ကုပ်သွေးစုပ်တဲ့ ဝင်ငွေခွဲဝေပုံ (rent-seeking) အတွက်သာ လုပ်ဆောင်နေကြတာပါ။ ဈေးကွက်အင်အားကို အသုံးချပြီး တခြားသူတွေကို ပျက်သုဉ်းအောင် လုပ်ဆောင်နေတာပါ။ ဗြောင်ကျတဲ့ ခေါင်းပုံဖြတ်မှုပါ။ စနစ်တကျ ကုပ်သွေးစုတ်တဲ့ ဝင်ငွေခွဲဝေခွင့်နဲ့ ခြယ်လှယ် လွှမ်းမိုးထားတဲ့ နိုင်ငံတွေကနေ အလွန်အမင်း ဓနဥစ္စာကြွယ်ဝသူ လူနည်းစုကိုပဲ ထုတ် လုပ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အတော်မသတ်နိုင် ကြွယ်ဝနေ ကြပါလိမ့်မယ်။
ကြွယ်ဝချမ်းသာမှုဆိုတာ တရားဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်ပါတယ်။ အကယ်၍ မရှိခဲ့ရင် မသေချာ မရေရာမှုတွေနဲ့ အမြဲတမ်းရင် ဆိုင်နေရမှာပါ။ အစိုးရက ကျနော့်ပိုင်ဆိုင်မှုတွေကို လာသိမ်းမှာလား၊ အရာရှိတွေက အမှားသေးသေးလေးဖြစ်တာကို စစ်ဆေးတွေ့ရှိရုံနဲ့ လာဘ်လာတောင်းမှာလား၊ စီးပွားရေးမှာ ပြိုင်ဆိုင်ကွင်းတွေက ညီမျှ မျှတမှာလား၊ ဒါမှမဟုတ် အာဏာရှိတဲ့သူတွေက အမြဲတမ်း သူတို့ခရိုနီတွေအတွက် အသာစီးရစေမှာလားဆိုပြီး စိုးရိမ်ပူပန်နေကြရပါလိမ့်မယ်။
လော့ဒ်အက်တွန် လေ့လာမိတဲ့ နာမည်ကျော် စကားလေး ရှိပါတယ်။ “အာဏာက အကျင့်ပျက် ခြစားမှုကို ဖြစ်စေတယ်။ အကြွင်းမဲ့အာဏာက ပိုလို့ လုံးဝအကျင့်ပျက်ခြစားမှု ဖြစ်စေတယ်” ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်ပ်က ပြသနေတာက အတောမသတ်နိုင်တဲ့ အကျင့်ပျက် အဂတိလိုက်စားမှုတွေအတွက် အကြွင်းမဲ့အာဏာ မလိုအပ်ဘူး ဆိုတာပါပဲ။ အကယ်၍ အပြန်အလှန် အထိန်းအထေလုပ်တဲ့စနစ်က ပြိုကွဲသွားပြီဆိုရင် (အခု အမေရိကန်မှာ ဖြစ်သလိုပါပဲ) အာဏာရှိသူတွေက အပြစ်ပေးခံရမဲ့အရေး၏ ကင်းလွတ်စွာနဲ့ ဆောင်ရွက်နေနိုင်ပါပြီ။ နစ်နာကုန်ကျရမှုကို ကျန်လူ့အဖွဲ့အစည်းကပဲ ကျခံရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အကျင့်ပျက် ခြစားမှုက စီးပွားရေးစနစ်အပေါ် ဆိုးရွားစေလို့ ဖြစ်ပါတယ်။
တစုံတယောက်က ကျနော်တို့ “ထရမ့်ပ်ရဲ့ ထိပ်ဆုံးကာလ”ကို ရောက်ခဲ့ပြီလို့ မျှော်လင့်နေတယ်ဆိုရင် ဒါက အကြောက်တရား၊ ဖိနှိပ်မှု၊ ဝမ်းနည်းပူဆွေးရမှုတွေ ဖြစ်စေမဲ့ dystopian ကာလပါပဲ။ ဒီကာလနဲ့ အစိုးရနဲ့ နိုင်ငံသားတွေနဲ့ မထိုက်တန်ဆုံး အခြေအနေ (kakistocracy) က ၂၀၂၆၊ ၂၀၂၈ ခုနှစ်များ ရွေးကောက်ပွဲတွေမှာ နိဂုံးချုပ်ရမှာပါ။ ဒါပေမဲ့ ဥရောပမှာ၊ တရုတ်မှာ၊ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဆိုရင်တော့ မျှော်လင့်ချက်တခုတည်းအပေါ် မျှော်လင့်အားထားနေလို့ မရပါဘူး။ သူတို့အတွက် အရေးပေါ်အခြား အစီအစဉ်တွေကို ပြင်ဆင်ထားကြရမှာပါ။ ကမ္ဘာကြီးက အမေရိကန်ကို မလိုအပ်တော့ဘူးဆိုတာအထိ တွေးတောပြီး ပြင်ဆင်ထားကြရမှာပါ။
အကယ်၍ အမေရိကန်သာ မရှိတော့ဘူးဆိုရင် သူက ကမ္ဘာကြီးကို ဘာတွေ ဆောင်ကြဉ်းပေးနေပါသလဲ။ ဖြစ်နိုင်တာ မှန်းဆကြည့်ရတာက ဆယ်လီကွန်ဗယ်လီက ဧရာမကုမ္ပဏီကြီးတွေ မရှိတော့တဲ့ ကမ္ဘာကြီး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပေးနေတဲ့ အခြေခံနည်းပညာတွေကို အခု ကျနော်တို့ ကျယ်ပြန့်စွာ ရရှိနေကြတာပါ။ တချို့သောသူတွေက အလျင်အမြန် ဝင်လာကြပြီး သူတို့က ပိုကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေးနိုင်ကြောင်း လာပြောကြပါလိမ့်မယ်။ အမေရိကန်တက္ကသိုလ်တွေနဲ့ သိပ္ပံပညာ ဦးဆောင်မှု မရှိတဲ့ ကမ္ဘာကိုလည်း မှန်းဆထားနိုင်ပါတယ်။ အကြောင်းကတော့ ကမ္ဘာကြီးရဲ့ အကောင်းဆုံးဆိုတဲ့ အင်စတီကျူးရှင်းတွေကသူတို့ အတတ်နိုင်ဆုံး ရုန်းကန်နေကြရအောင် ထရမ့်ပ်က လုပ်ထားပြီးပါပြီ။ အမေရိကန် ဈေးကွက်ကို မမှီခိုအားထားစရာ မလိုတော့တဲ့ ကမ္ဘာကြီးကိုလည်း မျှော်လင့်ထားဖို့ ဖြစ်နိုင်ပါတယ်။ ကုန်သွယ်မှုက အကျိုးစီးပွားတွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အင်ပိုင်ယာပြည့်ရှင်ကြီးက အတိုင်းအဆမမျှတဲ့ ရှယ်ယာတွေကို သူ့အတွက်ပဲ လောဘတကြီး သိမ်းပိုက်ချင်နဲ့အခါ အကျိုးခံစားနိုင်မှု ပိုနည်းပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အမြဲတစေရှိနေတဲ့ ကုန်သွယ်မှုလိုငွေပြချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ယူအက်စ်ဘက်က “ဝယ်လိုအား လစ်ဟာချက်” (demand gap) ကို ဖြည့်ပေးနေတာထက်စာရင်၊ ရောင်းလိုအားဘက်ခြမ်း (supply side) မှာ ယူအက်စ် တွေ့နေရတဲ့ စိန်ခေါ်ချက်ကို မျှော်ကိုးလုပ်ဆောင်တာက ကျန်ကမ္ဘာအတွက် ပိုလွယ်ကူပါလိမ့်မယ်။
အာဏာကို အလွဲသုံးစားပြုနေတဲ့ တခြားသူတွေအပေါ် ဗိုလ်ကျလွှမ်းမိုးသူ (hegemon) တဦးအနေနဲ့ သူ့ထောင့်ကလေးထဲမှာပဲ ထားခဲ့သင့်ပါတယ်။ အသစ်သော နယ်ချဲ့ဝါဒကို ခုခံနေရေးက လူတိုင်းရဲ့ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကျန်တဲ့ ကမ္ဘာကြီးက အကောင်းဆုံးကို မျှော်လင့်နေသေးတယ် ဆိုရင်တော့ အဆိုးဆုံးအခြေအနေကိုလည်း ပြင်ဆင်ထားကြရပါမယ်။ စီးပွားရေးနဲ့ လူမှုရေးအရ ဝိုင်းဖယ်ကြဉ်ထားတာကလွဲလို့ တခြား ရွေးချယ်စရာ မရှိပါဘူး။ မူဝါဒတွေအရ ထိန်းချုပ်မှုကလွဲလို့ တခြားသော အားကိုးအားထားရာလည်း မရှိတော့ပါဘူး။
အောင်သူငြိမ်း
Ref: Project Syndicate
Joseph E. Stiglitz - America’s New Age of Empire dawns (Jan 9, 2026)


