
ဗီယက်နမ် အာဏာရကွန်မြူနစ်ပါတီက ထိပ်တန်းခေါင်းဆောင်ကို ရွေးဖို့နဲ့ ၂၀၃၀ ပြည့်နှစ်အထိ အဓိကပစ်မှတ်တွေကို သတ်မှတ်ဖို့ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၅ ရက်အထိ ၅ နှစ် တကြိမ် ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ဒါကြောင့် ဟနွိုင်းမြို့တော်ရဲ့ လမ်းတွေမှာ ပန်းတွေ ဆိုင်းဘုတ်တွေ စီတန်းနေခဲ့ပါတယ်။ အင်္ဂါနေ့ကစပြီး ပါတီဝင် ၅ သန်းကျော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အယောက် ၁,၆၀၀ လောက်ဟာ အရာရှိ အယောက် ၂၀၀ လောက်ကို ဗဟိုကော်မတီဆီ နာမည်စာရင်းတင်သွင်းမှာဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကို ရွေးချယ်တဲ့ ပါတီရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပေါ်လစ်ဗျူရိုကနေ အဖွဲ့ဝင် ၁၇ ဦးကနေ ၁၉ ဦးအထိကို ရွေးချယ်မှာ ဖြစ်ပါတယ်။
ကွန်ဂရက်အပြီး မကြာမီမှာ ပေါ်လစ်ဗျူရိုက သမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို နာမည် စာရင်းတင်သွင်းမှာဖြစ်ပြီး ခန့်အပ်မှုတွေကို လွှတ်တော်အမတ်တွေက အတည်ပြုရမှာပါ။
၁၉၈၀ ပြည့်လွန် နှစ်တွေနှောင်းပိုင်းမှာ ဗီယက်နမ် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒွိုင်မိုအီကို ဆောင်ရွက်ခဲ့ပြီး စစ်ဒဏ်ခံနေရတဲ့ ဆင်းရဲမွဲတေတဲ့နိုင်ငံကို အာရှရဲ့ အလျင်မြန်ဆုံး ကြီးထွားလာတဲ့ စီးပွားရေးနိုင်ငံတွေထဲက တခုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဗီယက်နမ်ရဲ့ ခေါင်းဆောင်မှုဟာ စုပေါင်းဆုံးဖြတ်ချက် ချမှတ်ခြင်းအားဖြင့် စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေ တည်ငြိမ်တာ သေချာစေခဲ့ပါတယ်။
နိုင်ငံခြားရေးမူဝါဒဟာလဲ "ဝါးသံတမန်ရေး" လို့ခေါ်တဲ့ မူဝါဒအောက်မှာ အဓိက အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အမေရိကန်၊ ရုရှားတို့နဲ့ ဆက်ဆံရေးကို ဟန်ချက်ညီအောင် လုပ်ဖို့ အာရုံစိုက်ခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းက တည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီဟာ ပြင်သစ်ကိုလိုနီအုပ်ချုပ်မှု ပြီးဆုံးပြီးတဲ့နောက် ၁၉၅၄ ခုနှစ်မှာ မြောက်ပိုင်းဗီယက်နမ်ကို ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ စစ်ပွဲပြီးဆုံးပြီး ၁၉၇၅ ခုနှစ်မှာ ဆိုင်ဂုံမြို့ ကျဆုံးပြီးတဲ့နောက် ဗီယက်နမ်ဟာ ပါတီအောက်မှာ ပြန်ပေါင်းစည်းခဲ့ပါတယ်။
Source: Reuters


