
အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေဟာ ဇန်နဝါရီ ၁၈ ရက် မနက်မှာ အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေစီပြည်နယ်က တောင်စောင်းတလျှောက် ပြန့်ကျဲနေတဲ့ လေယာဉ်တစင်းရဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့ပါတယ်။
ATR 42-500 ငါးလုပ်ငန်း စောင့်ကြည့်ရေးလေယာဉ် ပျောက်သွားတယ်လို့ နောက်ဆုံးသိထားတဲ့ နေရာနားမှာ တာဝန်ရှိသူတွေက ခုလိုတွေ့ခဲ့တာပါ။
ဘူလူဆာရန်တောင်ထိပ်နားမှာ တွေ့တဲ့ အပျက်အစီးတွေဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေလို့ ယုံကြည်ရပေမဲ့ လေယာဉ်ကုမ္ပဏီဆီက သတင်းမကြားမချင်း အရာရှိတွေက အတည်မပြုနိုင်သေးဘူးလို့ ဒေသခံကယ်ဆယ်ရေးအေဂျင်စီက တာဝန်ရှိသူ အန်ဒီဆူလ်တန်က ပြောပါတယ်။
အင်ဒိုနီးရှားလေကြောင်းသယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ နိုင်ငံတောင်ပိုင်း ဆူလာဝေစီ ပြည်နယ်က မာရော့စ်ဒေသတဝိုက်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲလောက် မှာ လေကြောင်းထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။
အဆက်အသွယ်မပြတ်မီ ယော့ဂျကာတာပြည်နယ်ကနေ ထွက်ခွာပြီးတဲ့နောက် တောင်ပိုင်း ဆူလာဝေစီရဲ့ မြို့တော် မာကာဆာဆီ ဦးတည်နေခဲ့တယ်လို့ ဆူလ်တန်က ပြောပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၈ ယောက်နဲ့ ခရီးသည် ၃ ယောက်ပါတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
စစ်ဘက်နဲ့ ရဲတပ်ဖွဲ့တွေအပါအဝင် ဝန်ထမ်း အယောက် ၄၀၀ လောက်ကို လေယာဉ်ကိုရော လေယာဉ်ပေါ်ပါတဲ့သူတွေကိုပါ ရှာဖို့စေလွှတ်ခဲ့ပေမဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် ကြိုးပမ်းမှု အဟန့်အတားဖြစ်နေတယ်လို့ဆူလ်တန်က ပြောပါတယ်။
မတော်တဆမှု ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကို မှတ်ချက်ပေးဖို့ သူက ငြင်းဆိုခဲ့ပါတယ်။ လေယာဉ်ကို အင်ဒိုနီးရှားရေကြောင်းရေးရာနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနက ငှားရမ်းထားတာလို့ ဝန်ကြီးဌာနအရာရှိ ပွန်နူဂရိုဟို ဆက်ဆိုနိုက နိုင်ငံပိုင်သတင်းဌာန အန်တာရာကို ပြောခဲ့ပါတယ်။
အတည်မပြုနိုင်သေးပေမဲ့ လေကြောင်းခရီးစဉ်တွေကို ရေဒါနဲ့ ခြေရာခံပြသတဲ့ Flightradar24 အင်တာနက်စာမျက်နှာရဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ဂျာဗားပင်လယ်ပေါ်ကနေ ပေ ၁၁,၀၀၀ လောက်အမြင့်ကနေ အရှေ့ဘက်ဆီ ပျံသန်းပြီးတဲ့နောက် အမြင့်ပေ အမြန်ကျဆင်းလာရင်း ခြေရာခံစနစ်တွေကနေ အဆက်အသွယ် ပြတ်တောက် သွားခဲ့တယ်လို့ သိရပါတယ်။
Source: Reuters


