
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သိမ်းပိုက်ချင်နေတဲ့ ဂရင်းလန်းကျွန်းရဲ့ မြို့တော် နုခ်ကို ဥရောပနိုင်ငံတချို့က ကင်းထောက်မစ်ရှင်ခေါင်းစဉ်နဲ့ တပ်ဖွဲ့ဝင် အနည်းငယ်စီ တပ်စွဲဖို့ စေလွှတ်လိုက်ပါတယ်။
ဒိန်းမတ်ပြည်ထောင်စုဝင်၊ တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဂရင်းလန်းကျွန်းမှာ အကန့်အသတ်နဲ့ တပ်စွဲရာမှာ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဗြိတိန်က တပ်ဖွဲ့တွေ ပါဝင်ပါတယ်။
ကနဦး စုပေါင်းတပ်ဖွဲ့ကို မကြာမီမှာ “ကြည်း၊ ရေ၊ လေ အစုအဖွဲ့” တွေနဲ့ အင်အား ဖြည့်တင်းသွားမယ်လို့လည်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက အတည်ပြုပါတယ်။
ရုရှားသံရုံးဘက်ကတော့ NATO အဖွဲ့ဟာ မော်စကိုနဲ့ ပေကျင်းရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အကြောင်းပြပြီး စစ်ရေးတည်ဆောက်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ထားပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ ကာရိုလိုင်းလဲဗစ်ကတော့ အခုလို ဥရောပတပ်တွေ ရောက်လာပေမဲ့ သမ္မတထရမ့်ပ်ရဲ့ ဂရင်းလန်းကို ဝယ်ယူမဲ့ အစီအစဉ်ကို သက်ရောက်မှုမရှိဘူးလို့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
ဂရင်းလန်းဝန်ကြီးချုပ် ယန်းဖရက်ဒရစ်နီးလ်ဆင် ကလည်း မိမိတို့အနေနဲ့ အမေရိကန်ပိုင် မဖြစ်လိုသလို အမေရိကန်ရဲ့ အုပ်ချုပ်မှုကိုလည်း မခံယူလိုဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပေမဲ့ “အခြေခံကျကျ သဘောကွဲလွဲ” နေတယ်လို့ မှတ်ချက်ပေးထားပါတယ်။
Source:Reuters


