
ဂရင်းလန်းကျွန်းကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူးလို့ ဒိန်းမတ်လွှတ်တော်ရဲ့ ဂရင်းလန်းကိုယ်စားပြုအမတ်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
ဒိန်းမတ်အမတ် အာဂျာချန်နစ်ဇ်က “ဂရင်းလန်းကျွန်းကို ဘယ်တုန်းကမှ ရောင်းစားခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ဂရင်းလန်းကျွန်းဘက်ကနေ ဘာမှ မပြောင်းလဲဘူး” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မကြာသေးခင် ရက်ပိုင်းအတွင်း ဂရင်းလန်းကျွန်းကို ထိန်းချုပ်ချင်တယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပြီး ဒီကိစ္စဟာ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးသမ္မတ သက်တမ်းအတွင်း ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့တဲ့ အကြံအစည်တခု ဖြစ်ပါတယ်။
ဂရင်းလန်းကျွန်းကို ရယူဖို့ကို အမေရိကန်အမျိုးသားလုံခြုံရေး ဦးစားပေးအဖြစ် သူက ရှုမြင်ထားပါတယ်။
ထရမ့်ပ်ဟာ အမေရိကန်စစ်တပ်ကို အသုံးပြုနိုင်ခြေအပါအဝင် ဂရင်းလန်းကျွန်းကို ရယူဖို့ ရွေးချယ်စရာတွေကို ဆွေးနွေးနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၆ ရက် မှာ ပြောကြားခဲ့ပါတယ်။
ချန်နစ်ဇ်က ဒီကြေညာချက်ကို ထိတ်လန့်စရာအဖြစ် သုံးနှုန်းလိုက်ပြီး တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝမှားယွင်းတဲ့ နည်းလမ်းလို့ ခေါ်ဆိုခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးတို့က အခြေအနေကို ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ အရေးပေါ်တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဥရောပသမဂ္ဂ (EU) ဟာ လိုအပ်လာရင် ဂရင်းလန်းနဲ့ ဒိန်းမတ်ကို ထောက်ခံမှာဖြစ်ပြီး ဘယ်နေရာမှာမဆို နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ EU ကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
"သူတို့မှာ ဥရောပသမဂ္ဂရဲ့ အပြည့်အဝထောက်ခံမှုနဲ့ စည်းလုံးညီညွတ်မှုကို ရထားပါတယ်" လို့ ကော့စတာက EU ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆိုက်ပရပ်စ်က တာဝန်ယူခြင်းကို အမှတ်အသားပြုတဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။


