Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းကို ရမှဖြစ်မည်ဟု ထရမ့်ပ် ပြော
DVB
·
December 23, 2025
Photo: REUTERS/Carlos Barria/File Photo

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂရင်းလန်းကျွန်းဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်အပြီးမှာ “အမျိုးသားလုံခြုံရေးအတွက်” ဂရင်းလန်းကျွန်းကို အမေရိကန်က ရကိုရဖို့လိုကြောင်း ဒီဇင်ဘာ ၂၂ ရက်မှာ ထပ်မံအတည်ပြု ပြောပါတယ်။

လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတထရမ့်ပ်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်က “ရုရှားနဲ့ တရုတ်သင်္ဘောတွေ ကမ်းရိုးတန်းတလျှောက် နေရာအနှံ့မှာ ရှိနေတာမို့ လုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်တာဖြစ်ပြီး တွင်းထွက်သယံဇာတတွေအတွက် မဟုတ်ဘူး” လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ် လန်ဒရီကလည်း “ဂရင်းလန်းကို အမေရိကန်ရဲ့ အစိတ်အပိုင်း ဖြစ်လာအောင် လုပ်ဆောင်ရမဲ့ တာဝန်ဟာ ဂုဏ်ယူစရာဖြစ်တယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လာ့စ်လော့ခ်ကေ ရပ်စ်မက်ဆန်က “အလွန်စိတ်ပျက်စရာကောင်းတယ်” လို့ တုံ့ပြန်လိုက်ပြီး အမေရိကန်သံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ ပြောပါတယ်။

ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်ဖရက်ဒရစ် နီးလ်ဆန် ကလည်း “မိမိတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပဲ ဆုံးဖြတ်မှာဖြစ်ပြီး နယ်မြေပိုင်ဆိုင်မှုကို လေးစားရမယ်” လို့ ပြောဆိုပါတယ်။

အီးယူကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် ကလည်း အီးယူအနေနဲ့ ဒိန်းမတ်နဲ့ ဂရင်းလန်းပြည်သူတွေဘက်က အပြည့်အဝ ရပ်တည်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ဟာ ၂၀၁၉ ခုနှစ် ပထမသက်တမ်းတုန်းကလည်း ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီတုန်းက ဒိန်းမတ်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013