
ချင်းတိုင်းရင်းသူ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဘယ်လ်ဂျီယံအနုပညာရှင် ခရစ်စတီယန် ဒီဗယ်လ်တာ ရေးဆွဲထားတဲ့ ပန်းချီပြပွဲတခုကို ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ကျင်းပနေပါတယ်။
ဒီဗယ်လ်တာ-ဆယ်စုနှစ်နှစ်ခု ပြန်လည်ဆန်းစစ်ခြင်း အမည်နဲ့ အဆိုပါပြပွဲကိုတော့ ခေတ် ပြိုင်အနုပညာလက်ရာတွေကို အဓိကထားပြသတဲ့ La Lanta Fine Art ပြခန်းမှာ လာမဲ့ ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြသထားမှာဖြစ်ပြီး သူရဲ့ ရွေးချယ်ထားတဲ့ ပန်းချီကားတွေ၊ လစ်သိုဂရပ်ဖီခေါ် ကျောက်ပုံနှိပ်ပန်းချီတွေကို ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။
အဆိုပါပြပွဲက အနုပညာပြခန်းနဲ့ အနုပညာရှင်တို့အကြား ရေရှည်တည်တံ့တဲ့ လက်တွဲမှုကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်သလို ပြပွဲမှာ သူ့ရဲ့ ချင်းစီးရီးက အနုပညာလက်ရာတွေကို အဓိကပြသထားပြီး ဒါတွေဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက သူ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသ အနှံ့အပြား ခရီးသွားလာခဲ့ပြီးနောက် ဖန်တီးခဲ့တဲ့ လက်ရာတွေလို့ သိရပါတယ်။
အနုပညာရှင် ဒီဗယ်လ်တာဟာ ပြင်ပလွှမ်းမိုးမှုတွေကို လက်ခံကျင့်သုံးရင်း တိုးတက် ပြောင်းလဲလာတဲ့ ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာနဲ့ ယုံကြည်မှုတွေကို စိတ်ဝင်စားခဲ့တာကြောင့် မျက်နှာမှာ ပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးတွေရဲ့ ပုံတူတွေကို သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ ရဲရင့်တဲ့ အရောင်အသွေး၊ ဖွဲ့စည်းမှုပုံစံတွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
အိမ်ထောင်ရေးအခြေအနေ၊ လူမှုအတန်းအစားတွေကို ဖော်ပြတဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ချင်းအမျိုးသမီးတွေရဲ့ ပါးရဲထိုးကွင်းတွေကို ပုံဖော်ရင်း သူတို့ရဲ့ ကြံ့ခိုင်မှုနဲ့ အလှတရားကို ပေါ်လွင်စေခဲ့သလို သူရဲ့ ပုံတူလက်ရာတွေရဲ့ အဓိကအနှစ်သာရကတော့ ရုပ်ပိုင်းဆိုင်ရာ အလှတရားသာမကဘဲ တဦးချင်းစီကို လှုံ့ဆော်တွန်းအားပေးနေတဲ့ လူတဦးချင်းစီရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ရှာဖွေဖော်ထုတ်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဗယ်လ်တာဟာ ကမ္ဘာတဝန်း လူသားတွေနဲ့ ယဉ်ကျေးမှုတွေကို ကွက် ကွက်ကွင်းကွင်း ပုံဖော်နိုင်စွမ်းရှိတာကြောင့် နိုင်ငံတကာမှာ ကျော်ကြားတဲ့ အနုပညာရှင် ဖြစ်သလို သူ့ရဲ့ ထူးခြားတဲ့ ပုံတူရေးဆွဲမှုပုံစံက ခရီးသွားလာမှုနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအပေါ် ဝါသနာပါမှုကနေ မြစ်ဖျားခံပြီး အရောင်၊ အလင်းအမှောင်နဲ့ ဂျီဩ မေတြီပုံသဏ္ဍာန်တွေကို စနစ်တကျ ထည့်သွင်းစဉ်းစားပြီးတော့ ဖန်တီးထားတာမျိုးပဲ ဖြစ်ပါတယ်။
သွားရောက်ကြည့်ရှုလိုသူတွေအနေနဲ့ကတော့ အပတ်စဉ် အင်္ဂါနေ့ကနေ စနေနေ့အထိ မနက် ၁၀ နာရီကနေ ည ၇ နာရီအထိ သွားရောက်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Bangkok Post


