
ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း လာလုဗြယ်မြို့အနီးမှာ အဝေးပြေးလမ်းရှိ ဖြိုဖျက်ပြင်ဆင်နေတဲ့ တံတားတစင်း ပြိုကျမှုကြောင့် လူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက မတ် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီတံတားဟာ “ကနဲလ်ဒူဆွန့်” ဗဟိုတူးမြောင်းပေါ်မှ E42 အဝေးပြေးလမ်းမကြီးပေါ်မှာ ဆောက်လုပ်ထားတဲ့ တံတား ၂ စင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
အဲဒီတံတားကို လာမယ့်နှစ်မှာ ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ဖြိုချခံခဲ့ရပြီး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပိတ်ထားတာလည်း ဖြစ်ပါတယ်။
တံတားပြိုကျမှုကြောင့် ကွန်ကရစ်တံတားပေါ်ရှိ အလုပ်သမားတယောက် သေဆုံးခဲ့ပြီး တခြား ၂ ယောက် ဒဏ်ရာရရှိသွားကြောင်း မြို့တော်ဝန် ယာ့က်ဂိုဘဲရ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗဟိုဥရောပစံတော်ချိန် ၁၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တံတားပြိုကျမှုအပြီးမှာ အာဏာပိုင်တွေဟာ ပြန်လည်ပြုပြင်နေတဲ့ တံတားကို ယာဉ်အသွားအလာ ပိတ်ဆို့ခဲ့ပြီး ၁၈ နာရီအချိန်မှာတော့ ယာဉ်အသွားအလာ ပြန်ဖွင့်ခဲ့ပါတယ်။
တခြားတံတားတစင်းကို မကြာသေးမီနှစ်တွေအတွင်း ပြန်လည်ပြုပြင်ခဲ့ကြောင်း ဆိုဖီကိုဝယ်လိုနီ ဒေသန္တရအစိုးရ အဝေးပြေးလမ်းများ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ပြုပြင်မွမ်းမံထားတဲ့ တံတားမှာ ကားအသွားအလာ လမ်းကြောင်း ၂ ခုစလုံး လိုက်လျောညီထွေဖြစ်အောင် လုပ်ထားပါတယ်။
Source : Reuters