Home
ဆောင်းပါး
နေပြည်တော် (သို့မဟုတ်) အပေါ်ယံ ရွှေမှုန်ကြဲထားတဲ့မြို့ 
DVB
·
January 15, 2026

အာဏာရှင်တွေရဲ့ မြို့တော် နေပြည်တော်ရဲ့ ၁၆ လမ်းသွား လမ်းမကြီးပေါ်မှာ အလုပ်သမားတယောက် တံမြက်စည်း လှည်းနေပါတယ်။ နောက်တယောက်ကတော့ ထန်းပင်က အလက်တွေကို လိုက်ညှပ်၊ ပန်းပင်တွေကို သေသေချာချာ လိုက်ပြုပြင်နေတာ တွေ့ရပါတယ်။ ဒါကတော့ သူတို့ စီစဉ်ဖန်တီးထားတဲ့ ရွေးကောက်ပွဲအချိန်အခါ သမယပါပဲ။ ဒါပေမဲ့ ထူးခြားတာက လမ်းမပေါ်မှာ ကားတစီးမှ မရှိပါဘူး။ နေပြည်တော်ဆိုတာ ဘယ်တုန်းကမှလည်း ကားမရှုပ်ခဲ့ပါဘူး။

ဒီရာစုနှစ်အစောပိုင်းမှာ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ဆိုတာ "မင်းနေပြည်" လို့ အဓိပ္ပာယ်ရပါတယ်။ တကယ်တမ်းကျတော့ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာသိမ်းထားတဲ့ ဒီအရှေ့တောင်အာရှနိုင်ငံက စစ်ခေါင်းဆောင်ကြီးတွေအတွက် ဗုံးခိုကျင်းကြီး တခုပါပဲ။ သူတို့တွေ ပြည်ပကျူးကျော်မှုကို ဘယ်လောက်ကြောက်သလဲဆိုတာ ဒီမြို့ကြီးရဲ့ အခင်းအကျင်းကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။  

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နေပြည်တော်ကို ကျမရောက်သွားခဲ့ပါတယ်။ ၅ နှစ်ကျော်အကြာမှ ဒီနေရာကို ထပ်ရောက်ဖြစ်တာပါ။ အဲဒီအတောအတွင်း အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ထပ်မံအာဏာသိမ်းခဲ့တယ်။ စကားတခွန်းမှားတာနဲ့ ထောင်ကျနိုင်တဲ့ အကြောက်တရားတွေ ပြန်လွှမ်းမိုးလာပါတယ်။

ပြည်တွင်းစစ်မီးကလည်း တောက်လောင်နေတုန်းပါပဲ။ လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ၃ သန်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီလိုအခြေအနေဆိုးတွေကြားထဲမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကတော့ နေပြည်တော်မှာပဲ ပုန်းအောင်းပြီး သူတို့ကမ္ဘာလေးနဲ့သူတို့ နေနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

တိုင်းပြည်ရဲ့ ကျန်တဲ့နေရာတွေမှာတော့ လျှပ်စစ်မီးမရှိ၊ စားနပ်ရိက္ခာပြတ်လပ်၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒရုန်းဗုံးသီးတွေအောက်မှာ ပြည်သူတွေ မြေစာပင် ဖြစ်နေရပါတယ်။ စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ ဆယ်စုနှစ်များစွာ ဖိနှိပ်ခဲ့တဲ့ ပြည်သူတွေနဲ့ ဝေးရာ လွင်ပြင်ကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးတွေမှာ စံမြန်းနေကြတာပါ။ နေပြည်တော်မှာဆိုရင် လျှပ်စစ်ကားအားသွင်းရုံတွေ၊ အလှပုံဖော်ထားတဲ့ ပန်းပင်တွေနဲ့ လှလို့ပလို့ပေါ့။

ပြီးခဲ့တဲ့လနှောင်းပိုင်းက စစ်ကောင်စီဟာ တလကြာမဲ့ ရွေးကောက်ပွဲကာလကို စတင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေကတော့ ဒါကို ဟန်ပြရွေးကောက်ပွဲလို့ သတ်မှတ်ထားကြပါတယ်။ အဲဒီအချိန်မှာ ကျမနဲ့ ဓာတ်ပုံဆရာ ဒယ်နီရယ်တို့ဟာ မြန်မာသတင်းထောက်တစုနဲ့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲလာပေးတာကို သတင်းယူခွင့် ရခဲ့ပါတယ်။

နေပြည်တော်ကို ဇုန်တွေ တိတိကျကျ ခွဲထားပါတယ်။ စစ်ဘက်ဇုန်၊ ဟိုတယ်ဇုန်၊ ဝန်ကြီးဌာနဇုန် ဆိုပြီးတော့ပေါ့။ တနေရာနဲ့ တနေရာကလည်း အတော်လေး ဝေးပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လွှတ်တော်ဇုန်လို နေရာမျိုးတွေဆိုရင် လူသူမရှိသလောက်ကို ခြောက်ကပ်သွားပါပြီ။ မိုးမလင်းခင်မှာပဲ ကျမတို့ဟာ ပြန်ကြားရေးဝန်ကြီးဌာနနားက လမ်းမကြီးဘေးမှာ လူစုခဲ့ကြပါတယ်။ ပြီးတော့ ဘတ်စ်ကားတစီးပေါ် တက်လိုက်ကြတယ်။ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြေးဆွဲခဲ့တဲ့၊ လမ်းကြောင်းနံပါတ်တွေတောင် မခွာရသေးတဲ့ ဘတ်စ်ကားအိုကြီး တစီးပါပဲ။

ကာကွယ်ရေးဦးစီးချုပ်ရုံးနားက ဂိတ်ကို ရောက်တော့ ရောင်စုံမီးတွေ ထိုးထားတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရပါတယ်။ တရုတ်လုပ် X-ray စက်နဲ့ ကားအောက်ပိုင်းတွေကို စစ်ဆေးပါတယ်။ တရုတ်နည်းပညာ နောက်တမျိုးနဲ့ပဲ ကျမတို့ရဲ့မျက်နှာတွေကို မျက်နှာမှတ်စက်နဲ့ မှတ်ပုံတင်ဖို့ တန်းစီရပါတယ်။ ဒါပေမဲ့ သတင်းထောက်အနည်းငယ်လောက်ကို စစ်ဆေးပြီးတဲ့နောက်မှာ စနစ်က အလုပ်မလုပ်တော့တဲ့ပုံပါပဲ။ သာမန်အရပ်သားတွေ ဝင်ခွင့်မရှိတဲ့ စစ်ဘက်ဇုန်ထဲကို ကျမတို့ ဘာစစ်ဆေးမှုမှ မရှိဘဲ ဝင်သွားနိုင်ခဲ့ပါတယ်။

မီးဆိုင်းကြီးတွေ ချိတ်ထားတဲ့ ခန်းမထဲမှာ ကောဇောနီ ခင်းထားပါတယ်။ ပိုးပုဆိုးတွေ ဝတ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေ ရောက်လာပြီး မဲပေးကြတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထွက်လာတော့ သူ့ဘယ်ဘက်လက်သန်းမှာ မဲပေးပြီးကြောင်း ပြတဲ့ မင်အစက်အပျောက်နဲ့ပါ။ မျက်နှာကလည်းပြုံးလို့ရွှင်လို့။ ဒီရွေးကောက်ပွဲမှာတော့ မနိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ အပြုံးမျိုးပေါ့။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲ ၂ ကြိမ်မှာ အနိုင်ရခဲ့တဲ့ NLD ပါတီကလည်း ဖျက်သိမ်းခံထားရပါပြီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း အခုဆို နေပြည်တော်က တနေရာရာမှာ အကျဉ်းချခံထားနေရတုန်းပါပဲ။

၂၀၁၅ နဲ့ ၂၀၂၀ တုန်းကတော့ NLD ဟာ နေပြည်တော်ကနေရာတွေအထိ မဲအနိုင်ရခဲ့ပါတယ်။ တကယ်တော့ ဒီမြို့မှာ မဲပေးသူတွေဆိုတာ ဝန်ထမ်းတွေ၊ စစ်ဗိုလ်မိသားစုတွေနဲ့ မြို့သန့်ရှင်းရေး လုပ်သားတွေပါ။ ဒါပေမဲ့ ထောင်ကျဖူးတဲ့ ဟစ်ဟော့အဆိုတော်တွေ၊ ကဗျာဆရာတွေ ပါဝင်တဲ့ NLD အနေနဲ့ စစ်တပ်တည်ဆောက်ထားတဲ့ မြို့ကြီးမှာ အနိုင်ရသွားလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်တွေ ဘယ်ထင်ခဲ့ကြပါ့မလဲ။

နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ ပြောခဲ့ပေမဲ့ စစ်အုပ်စုကတော့ မဲမသမာမှုကြောင့်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းတဲ့ အခိုက်အတန့်ကို နေပြည်တော်ကနေ Facebook Live လွှင့်နေတဲ့ အမျိုးသမီးတယောက်ရဲ့ ဗီဒီယိုထဲမှာ မတော်တဆ မြင်လိုက်ရတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ နောက်ခံမှာ အေရိုးဗစ် ကနေတဲ့ သီချင်းသံကြားနေရချိန်မှာပဲ သံချပ်ကာကားကြီးတွေ ဖြတ်မောင်းသွားခဲ့တာလေ။

တရားဝင် စာရင်းအရတော့ နေပြည်တော်မှာ လူဦးရေ  ၁ သန်းလောက် နေထိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်က တခြားအရာတွေလိုပဲ ဒီကိန်းဂဏန်းကလည်း ဟာသပါပဲ။ ဗိုလ်ချုပ်တွေက သူတို့အိမ်ကြီးတွေကို အလှဆင်နေချိန် ရန်ကုန်ကနေ အတင်းရွှေ့ပြောင်းခံရတဲ့ ဝန်ထမ်းတွေခမျာ အရောင်ခွဲထားတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးတွေမှာ နေကြရပါတယ်။ စိုက်ပျိုးရေးဆို အစိမ်းရောင်၊ ကျန်းမာရေးဆို အပြာရောင် စသဖြင့်ပေါ့။

ထိပ်ပိုင်းခေါင်းဆောင် တချို့ကတောင် မြို့တော်သစ်ရဲ့ အဆင်မပြေမှုတွေကို ဝန်ခံထားရပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျနော်ကတော့ နေပြည်တော်ကို ကြိုက်ပါတယ်။ ရန်ကုန်က ပြောင်းလာတဲ့ သူတွေကတော့ ကြိုက်ချင်မှ ကြိုက်မှာပေါ့" လို့ ရှားရှားပါးပါး အင်တာဗျူးတခုမှာ ပြောဖူးပါတယ်။ "ဒါပေမဲ့ ကျနော်တို့က စစ်သားတွေလေ။ ဒီမှာ နေဆိုနေရမှာပဲ။ နေပြည်တော်ထက် ခက်ခဲတဲ့ နေရာတွေမှာတောင် နေသားကျခဲ့ပြီးသားပါ" လို့သူကဆိုပါသေးတယ်။

၂၀၂၁ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ တနိုင်ငံလုံး အုံကြွမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအထဲ နေပြည်တော်လည်း မလွတ်ခဲ့ပါဘူး။ ဈေးသည်တွေ၊ ကားဆရာတွေ၊ ဥယျာဉ်မှူးတွေ၊ ထမင်းဆိုင်က လူတွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ တခါတလေ ဗိုလ်ချုပ်သမီးတွေတောင် ပါ ပါသေးတယ်။ အရပ်သားအစိုးရကို ပြန်အာဏာအပ်ဖို့ လမ်းမကျယ်ကြီးတွေပေါ် ထွက်ပြီး တောင်းဆိုခဲ့ကြတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ပထမဆုံးသွေးမြေကျ ဖြိုခွင်းခဲ့တာကလည်း ဒီမြို့တော်မှာပါပဲ။ ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးငယ် တဦးကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့တာပါ။

အခုကျင်းပနေတဲ့ ရွေးကောက်ပွဲ မဲရုံတရုံကိုလည်း အဲဒီကလေးမလေး ပစ်သတ်ခံရတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင် စာသင်ကျောင်းမှာ လုပ်ထားပါတယ်။ နေပြည်တော်သား တချို့ကတော့ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သပိတ်မှောက်ဖို့ တိုက်တွန်းချက်ကို တန်ပြန်ဖို့ သူတို့ကို မဖြစ်မနေမဲပေးဖို့ လာဖိအားပေးတဲ့ အကြောင်း တိုးတိုးတိတ်တိတ် ပြောပြကြပါတယ်။ ၂၀၁၅ တုန်းက ဒီမဲဆန္ဒနယ်မှာ နိုင်ငံရေးသီချင်းတွေကြောင့် ထောင်ကျဖူးတဲ့ ဟစ်ဟော့အဆိုတော် ဦးဖြိုးဇေယျာသော်အနိုင်ရခဲ့ဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူ့ကို အကြမ်းဖက်မှုနဲ့ စွပ်စွဲပြီး ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက ကွပ်မျက်ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ တရားစီရင်ရေးကို စော်ကားလိုက်တာပဲလို့ ဝေဖန်ကြပါတယ်။

နေပြည်တော်ဟာ သက်တမ်း နှစ် ၂၀ လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ရုပ်ဆိုးအကျည်းတန်စွာနဲ့ အိုမင်းနေပါပြီ။ ဒါက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ ကြွေပြားတွေ ကွာကျ၊ ထောင့်တွေမှာ မှိုတွေတက် နေတာကိုတွေ့ရပါတယ်။ ဟိုတယ်တွေမှာလည်း တည်းမယ့်သူ မရှိပါဘူး။ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ခံထားရတဲ့ စစ်ကောင်စီ၊ စီးပွားရေးလုပ်ချင်တဲ့ အာရှက လုပ်ငန်းရှင်တချို့နဲ့ ပြည်ပစစ်ဘက် အကြံပေးတချို့လောက်ပဲ ရှိတာပါ။ လမ်းမကျယ်ကြီးတွေပေါ်မှာ ကားသွားလာမှု နည်းလွန်းလို့ နွားလှည်းတန်းကြီးတွေတောင် ကားတိုက်ခံရမှာ မကြောက်ဘဲ ဖြတ်မောင်းနေကြတာကိုသာ မြင်ယောင်ကြည့်ပါတော့။

နေပြည်တော် တိရစ္ဆာန်ရုံကိုလည်း ကျမ ရောက်သွားခဲ့ပါတယ်။ အရင်တုန်းကတော့ ပင်ဂွင်းလေးတွေ အဲကွန်းခန်းထဲမှာ ဟိုပြေးဒီပြေး ဆော့နေတာ မြင်ခဲ့ဖူးပါတယ်။ အခုတော့ ငှက်တွေအကုန် သေကုန်ပြီလို့ ပြောပါတယ်။ အဓိက ပြစရာဖြစ်တဲ့ ကျားဖြူကြီးဆိုရင်လည်း ပိန်လွန်းလို့ အရိုးပေါ်အရေတင် ဖြစ်နေပါပြီ။ မိုက်ကယ်နဲ့ ဆင်ဒီဆိုတဲ့ ခြင်္သေ့ ၂ ကောင်လည်း စိတ်ဓာတ်ကျနေတဲ့ ပုံပါပဲ။ ဝင်ပေါက်မှာတော့ ၁၄ နှစ်သား ကလေး ၂ ယောက်က တိရစ္ဆာန်အရုပ် ဝတ်စုံကြီးတွေ ဝတ်ပြီး ချွေးတွေ ပြန်နေပါတယ်။ ၁၀ နာရီလောက် လုပ်မှ ဆင့် ၆၀ (မြန်မာငွေ ထောင်ဂဏန်း) လောက်ပဲ ရတာပါ။

မတ်လတုန်းက မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်တော့ နေပြည်တော်က အဆောက်အအုံ ရာပေါင်းများစွာ ထိခိုက်ခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာ မြေညီထပ်တွေဆို မြေကျွံကုန်တယ်။ အဲဒီဝန်ထမ်းတွေခမျာ အခုထိ အိုးမဲ့အိမ်မဲ့ပါပဲ။ စိုက်ပျိုးရေးဝန်ကြီးဌာနက ဝန်ထမ်းအမျိုးသမီးတွေဆိုရင် ဝါးတဲလေးတွေ ထိုးပြီး နေနေရတုန်းပါ။

ကိုဗစ်တွေဖြစ်၊ အာဏာတွေသိမ်း၊ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ပေမဲ့ နေပြည်တော်မှာ အဆောက်အအုံ အကြီးကြီးတွေ ဆောက်နေတုန်းပါပဲ။ ရခိုင်ပြည်နယ်ဘက်ကနေ ယူလာတဲ့ ဆင်ဖြူတော် (တကယ်တော့ ပန်းရောင်သန်းပါတယ်) တွေ ထားတဲ့ အဆောင်ကို ချဲ့ထွင်နေပါတယ်။ အဲဒီ ရခိုင်ဘက်မှာတော့ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးပါပြီ။

၂၀၂၃ ခုနှစ်တုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မာရဝိဇယ ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင်ကျောက်ဆင်းတုတော်ကြီးကို တည်ခဲ့ပါတယ်။ အလေးချိန် တန် ၅၀၀၀၊ ဉာဏ်တော် ပေ ၆၀ ကျော် ရှိပြီး ကုန်ကျစရိတ် ဒေါ်လာ သန်း ၃၀ နီးပါး ရှိပါတယ်။ မြန်မာပြည်လူဦးရေရဲ့ ထက်ဝက်လောက်က ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရချိန်မှာ တည်ခဲ့တဲ့ ဆင်းတုတော်တခုဆိုလည်းမမှားပါဘူး။

"နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ မရောသင့်ပါဘူး" လို့ နေပြည်တော်က ဘုန်းကြီးတပါးဖြစ်တဲ့ အရှင်နန္ဒက မိန့်ပါတယ်။

စစ်ဗိုလ်ချုပ်တွေက ဘာသာတရား ကိုင်းရှိုင်းပြနေပေမဲ့ သူတို့ရဲ့ ခံတပ်မြို့တော်ကြီးကတော့ ထင်သလောက် လုံခြုံမှု မရှိတော့ပါဘူး။ နေပြည်တော်ကနေ လှမ်းကြည့်လိုက်ရင် မြန်မာပြည်အလယ်ပိုင်း လွင်ပြင်တွေအဆုံးက ရှမ်းရိုးမ တောင်တန်းတွေကို မြင်ရပါတယ်။ အဲဒီတောင်တွေရဲ့ ဟိုဘက်မှာတော့ ပြည်တွင်းစစ်မီးက တောက်လောင်နေပါတယ်။ မနှစ်ကဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတွေ မြို့တော်အထိ ရောက်လာပြီး ဝဲပျံခဲ့ပါသေးတယ်။ ရွေးကောက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာပဲ နေပြည်တော်က မဲရုံလုပ်ထားတဲ့ စာသင်ကျောင်းနားမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ လူတော့ မထိခိုက်ခဲ့ပါဘူး။ နောက်တရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့ တခုက နေပြည်တော်-မန္တလေး လမ်းမကြီးရဲ့ အစိတ်အပိုင်း တခုကို ခေတ္တထိန်းချုပ်လိုက်ပါသေးတယ်။ စက္ကူပန်းတွေ ဝေနေတဲ့ လမ်းလယ်ကျွန်းဘေးမှာ တော်လှန်ရေး ရဲဘော်တွေ ဖြတ်သန်းသွားလာနေကြတာကို တွေ့ခဲ့ရပါတယ်။

ဟန်နာဘိချ်နှင့် ဒယ်နီရယ်ဘယ်ရီဟူလက်

Ref: The New York Times

(The New York Times သတင်းစာတွင်  သတင်းထောက် ဟန်နာဘိချ် ရေးသားထားသည့်  “Inside Myanmar's Gilded Capital, Empty Streets and Moldy Corners” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ ဟန်နာဘိချ် သည် ဘန်ကောက်အခြေစိုက် နယူးယောက်တိုင်းမ် သတင်းထောက် တဦးဖြစ်ပြီး အာရှအရေးကို ၂၅ နှစ်ကျော်ကြာလေ့လာတင်ဆက်ပြခဲ့သူ ဖြစ်သည်။ ဒယ်နီရယ် ဘယ်ရီဟူလက်သည် မက္ကဆီကိုစီးတီး အခြေစိုက် နယူးယောက် တိုင်းမ်သတင်းစာ ဓာတ်ပုံဆရာ ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013