
၂၀၂၅ ခုနှစ်ဟာ မှတ်တမ်းတင်ထားသမျှ သမိုင်းတလျှောက် တတိယမြောက် အပူဆုံးနှစ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂ သိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၃ ရက်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလဟာ ကမ္ဘာ့အပူဆုံးနှစ်တွေ ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကတော့ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တာပါ။
ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ စက်မှုခေတ်မတိုင်မီကာလထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်ခဲ့တာ ၃ နှစ်ဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပါရီသဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ ၁ ဒသမ ၅ ဒီဂရီ အကန့်အသတ်နားကို “ကျနော်တို့ တဖြည်းဖြည်း နီးကပ်လာနေပြီ” လို့ ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး ကာလို ဘွန်တမ်ပိုက သတိပေးထားပါတယ်။
အပူချိန်မြင့်တက်မှုကို ထိန်းချုပ်ဖို့ “အကောင်းဆုံးကိရိယာ” ကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ပဲ ဖြစ်တယ်လို့ ဘွန်တမ်ပိုက အကြံပြုပါတယ်။
ရာသီဥတုပြောင်းလဲမှု အကျိုးဆက်တွေ ဆိုးရွားလာပေမဲ့ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေလည်း မြင့်တက်လာနေပါတယ်။
ရာသီဥတုပြောင်းလဲမှုကို “အကြီးမားဆုံး လိမ်ညာမှုကြီးတခု” လို့ သမုတ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းတွေကနေ ပြီးခဲ့တဲ့သီတင်းပတ်မှာ နုတ်ထွက်ခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုဟာ လူသားတွေကြောင့် အဓိကဖြစ်ပေါ်နေပြီး ကျောက်မီးသွေးနဲ့ ရေနံလောင်စာတွေ လောင်ကျွမ်းမှုက အခြေအနေကို ပိုဆိုးစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Source: Reuters


