
ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲကျင်းပတဲ့မြို့နယ်တွေရှိ ရပ်ကွက်တွေထဲမှာ ဧည့်စာရင်းနဲ့ နေထိုင်သူတွေဟာ မဲမထည့်ရဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အော်တို အလိုအလျောက် ကြိုတင်မဲ ဖြည့်ပေးထားတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ပြည်သူတွေက ပြောပါတယ်။
သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌတွေက မဲစာရင်း လိုက်လံကောက်ယူတဲ့အချိန်မှာ သန်းခေါင်စာရင်းနဲ့ လူကိုသာ ကောက်ပြီး ဧည့်စာရင်းနဲ့ နေထိုင်သူတွေက မဲထည့်စရာမလိုဘူးလို့ ဆိုပါတယ်။
တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတယောက်က “ဧည့်စာရင်းနဲ့ နေတဲ့သူတွေက မဲထည့်စရာ မလိုဘူးတဲ့။ သူတို့မှာ စာရင်းရှိပြီးသားပေါ့။ သူတို့ဘာသာ ဖြည့်လိုက်မယ် ပြောတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၂ ကို ကျင်းပခဲ့ပြီး ရန်ကုန်ရဲ့ မြို့ ၁၆ မြို့မှာ ၁၅ နေရာကို ကြံ့ခိုင်ရေးပါတီက ကြိုတိင်မဲအများစုနဲ့ အနိုင်ရရှိထားပြီး တနေရာမှာပဲ ဇောတိကဦးခင်လှိုင်က အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ မဲပေးနိုင်သူဦးရေ ၁၅ သိန်းကျော်ရှိပေမဲ့ လူနည်းစုသာ လာရောက်မဲပေးခဲ့ပြီး လူငယ်တွေကတော့ စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ဖိအားပေးခံရလို့ မဖြစ်မနေ မဲထွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောထားပါတယ်။


