
ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဘော်မြို့ထဲမှာ ထိုင်းကယ်ရီ Grab စားစရာပို့သမားနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို မကျေနပ်တာကြောင့် ထိုင်းမျိုးချစ်ဝါဒီအဖွဲ့က သူတို့ကို အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ထိုင်းကယ်ရီ Grab မောင်းသမားတယောက်ဟာ ဖောက်သည်မှာထားတဲ့ စားစရာတွေ သွားပို့စဉ် ABAC တက္ကသိုလ်အနီး မီးပွိုင့်မှာ ဟိုင်းလပ်စ် ကားတစီးက သူ့ရှေ့ကကပ်ပြီး မောင်းတာကြောင့် ဘဲလ်တီး သတိပေးလိုက်တယ်၊ ဒါကို ကားမောင်းသမားက မကျေနပ်ဘဲ ဆဲဆိုပြီး လက်ခလယ်ထောင်ပြတယ်၊ အဲဒီနောက် စာရင်းရှင်းမယ် အနောက်ကလိုက်ခဲ့လို့ ခေါ်တယ်လို့ ဆိုင်ကယ်သမား နိုင်းထနဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။
နိုင်းထနဖုန်းက ကားပေါ်ကလူဟာ ABAC တက္ကသိုလ်အနီး စားသောက်ဆိုင်ကဖြစ်တယ်၊ သူဟာလည်း ဖောက်သည်တွေကို စားစရာဝယ်ပို့ရတယ်၊ အဲဒီပတ်ဝန်းကျင်တဝိုက်မှာ အမြဲ ကျင်လည် သွားလာနေတာမို့ တဦးနဲ့တဦး အာဃာတမထားဖို့ သွားပြောတယ်၊ Grab မောင်းတဲ့ သူငယ်ချင်း ၂ ယောက် အဖော်အဖြစ် လိုက်လာတယ်၊ စားသောက်ဆိုင်ဘေးရောက်တော့ ကားမောင်းတဲ့ မြန်မာက ဘေ့စ်ဘောလ်ရိုက်တဲ့ သံတုတ်ကိုင်လာပြီး ရှေ့မတိုးလာနဲ့လို့ ပြောတယ်။ သူ့နောက်ကလည်း မြန်မာတွေ ရန်လိုတဲ့မျက်နှာနဲ့ လိုက်လာကြတယ်၊ နိုင်းထနဖုန်းက သူ ကောင်းကောင်းညှိနှိုင်းဖို့ လာတာလို့ပြောပြီး Grab မောင်းတဲ့ သူငယ်ချင်းက ဗွီဒီယိုရိုက်တယ်။ ဒါပေမဲ့ မြန်မာဘက်က ရှေ့တိုးလာပြီး သံတုတ်နဲ့ သူတို့ဆိုင်ကယ်ကို ရိုက်တယ်၊ မှန်ကွဲသွားတယ်၊ ဆိုင်ကယ်ပျက်သွားတဲ့ တယောက်ကလည်း ပြန်ထိုးတာကြောင့် နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်တယ်၊ ဒဏ်ရာတွေရကြတယ်၊ သူတို့ဘက်က ၃ ယောက်ရှိပြီး မြန်မာဘက်က ၅-၆ ယောက်လောက် ရှိတယ်လို့ ပြောပါတယ်။
ရန်ပွဲကိစ္စ ဘန်ဘော်ရဲစခန်းရောက်သွားပြီး မြန်မာလုပ်သားဘက်က ဆိုင်ကယ်ပျက်စီးခ ဘတ် ၁၀,၀၀၀ အလျော်ပေးခဲ့တယ်။ ခိုက်ရန်ဖြစ်ပွားသူတွေကို ရဲစခန်းက တဦးလျှင် ဘတ်ငွေ ၅၀၀ စီ ဒဏ်တပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီကျော်လောက်မှာ Grab ဆိုင်ငယ်သမား အယောက် ၁၀၀ ကျော်ဟာ အဲဒီစားသောက်ဆိုင်ရှေ့လာပြီး ဆန္ဒပြတယ်၊ အိမ်ရှင် ထိုင်းနိုင်ငံသားကို နိုင်ငံခြားအလုပ်သမားက ခုလို အနိုင်ကျင့်တာ မကျေနပ်ကြောင်း၊ ကျူးလွန်သူ ၆ ယောက်ကို ထုတ်ပေးဖို့ တောင်းဆိုတယ်။
ဘန်ဘော်အုပ်ချုပ်ရေးရုံးနဲ့ နယ်မြေခံရဲတွေ လာရောက်စစ်ဆေးရာမှာ စားသောက်ဆိုင်ပိုင်ရှင်ကိုတော့ မတွေ့ရဘဲ အသက် ၃၀ ကျော်ရွယ် မြန်မာအမျိုးသမီးတယောက်က လက်ခံတွေ့ဆုံတယ်၊ ခိုက်ရန်ဖြစ်ပွားတဲ့ မြန်မာအလုပ်သမား ၆ ယောက်ဟာ အမှန်တကယ် သူတို့ဆိုင်မှာ အလုပ်လုပ်နေတာ ဖြစ်တယ်၊ ဆိုင်ကယ်သမားနဲ့ ပြဿနာဖြစ်သူက ဒေါသအလျောက် လုပ်မိတာဖြစ်ကြောင်း၊ အားလုံးကိုတောင်းပန်ကြောင်း ပြောတယ်၊ ဒါပေမဲ့ ဆိုင်က သူတို့အားလုံးကို အလုပ်ထုတ်လိုက်ပြီ၊ ဘယ်ထွက်သွားမှန်းတော့ မသိဘူးလို့ ပြောပါတယ်။
အဆိုပါစားသောက်ဆိုင်ဟာ ပြီးခဲ့တဲ့ ၂ လကျော်ကမှ ဖွင့်ထားတာဖြစ်ပြီး ပိုင်ရှင်က ထိုင်းလူမျိုးဖြစ်တယ်၊ တရားဝင်ခွင့်ပြုချက်နဲ့ ဖွင့်ထားတယ်၊ မြန်မာအမျိုးသမီးက အစုရှယ်ယာဝင်ထားသူသာ ဖြစ်တယ်၊ ဖြစ်စဉ်အတွက် Grab သမားအားလုံးကို တောင်းပန်တယ်၊ ထိုင်းနိုင်ငံသား အားလုံးကိုလည်း တောင်းပန်တယ်လို့ ပြောပါတယ်။
အဆိုပါဆိုင်မှာ စားသောက်ဆိုင်လို့ ဆိုပေမဲ့ အရက်ဘား၊ ကာရာအိုကေတွေပါ တွဲပြီး ဖွင့်ထားတယ်၊ အရက်ပါရောင်းသလားလို့ တာဝန်ရှိသူက မေးရာမှာ မရောင်းရကြောင်း၊ ဆိုင်ကိုလာသူတွေက အပြင်ကနေ ဝယ်လာတာလို့ ပြောပါတယ်။ တရားဝင် ဆိုင်ဖွင့်ခွင့် မှတ်ပုံတင်လည်း ကပ်ထားတာ မရှိဘူး၊ ဒါကြောင့် တာဝန်ရှိသူတွေက တရားဝင်စာရွက်စာတမ်းတွေ မပြသနိုင်ခင် ဆိုင်ကို ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။
ဇန်နဝါရီ ၁၂ ရက် ညမှာတော့ တရားမဝင်အလုပ်သမားတွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လေ့ရှိတဲ့ “တေ့ အာချီဝ” ခေါင်းဆောင်တဲ့ ထိုင်းမျိုးချစ်ဝါဒီအဖွဲ့လည်း ရောက်လာပါတယ်၊ ရပ်ကွက်ထဲက ထိုင်းတွေလည်း စုဝေးရောက်ရှိလာတာကြောင့် စားသောက်ဆိုင်ရှေ့မှာ လူတွေ ရာနဲ့ချီ ပြည့်သွားပါတယ်။
တေ့ အာချီဝက “ကျနော်တို့ ဒီကိုရောက်လာတာဟာ အဲဒီမြန်မာအလုပ်သမားတွေ လုပ်ပုံ မဟုတ်ဘူးဆိုတာ လာပြောတာ။ တခြား ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း သတိလာပေးတာ။ မင်းတို့ ထိုင်းမှာဆက်နေချင်ရင် ဒီလိုအပြုအမူတွေ ရပ်တံ့ပါ။ ထိုင်းဟာ ငြိမ်းချမ်းမှုကိုနှစ်သက်တယ်၊ ဒီလိုရမ်းကားတာမျိုးတော့ လက်မခံဘူး၊ အကြောင်းသိသွားမယ်၊ ဒါဟာ ထိုင်းနိုင်ငံဖြစ်တယ်၊ ဗမာပြည်မဟုတ်ဘူး၊ မင်းတို့ လုပ်ချင်တိုင်းလုပ်လို့မရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဝိုင်းအုံလာတဲ့ ရပ်ကွက်ထဲကလူတွေလည်း “ဒါဟာ ထိုင်းနိုင်ငံဖြစ်တယ်။ ဒါဟာ ထိုင်းနိုင်ငံဖြစ်တယ်” လို့ ကြွေးကြော်ကြပါတယ်။
ဆက်လက်ပြီး တေ့အာချီဝက “ရဲတပ်ဖွဲ့အနေနဲ့ ထွက်ပြေးသွားတဲ့ မြန်မာ ၆ ယောက်စလုံးကို ပြန်ခေါ်ပြီး ဒီထက်ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ လိုတယ်။ ၇ ရက်အတွင်း ရအောင်ဖမ်းပါ။ ရဲမဖမ်းနိုင်ရင် ကျနော်တို့ကိုယ်တိုင် လိုက်ဖမ်းရလိမ့်မယ်။ သူတို့ ဘယ်မှာရှိတယ်ဆိုတာ ကျနော်တို့ သိတယ်။ ဆိုင်ကယ်ကို သံတုတ်နဲ့ရိုက်တာ အလုပ်သမားမဟုတ်ဘူး။ အဲဒီစားသောက်ဆိုင် ပိုင်ရှင်ပဲ။ ထိုင်းလူမျိုးနဲ့ နာမည်ခံထားတာ၊ သူ့မှာ အဲဒီလိုဆိုင် ၂ ဆိုင်ရှိတယ်၊ လာစားတဲ့လူတွေလည်း ဗမာတွေချည်းပဲ။ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားသားတွေ ဒီလို အမည်ခံပြီး စီးပွားရေးလုပ်နေတာကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း နောက်ဆက်တွဲတက်လာတဲ့ သတင်းတွေအရ အဆိုပါ မြန်မာလုပ်သား ၆ ယောက်လုံးကို ဘန်ဘော်ရဲစခန်းက ဖမ်းမိထားပြီလို့ ဆိုပါတယ်။
Source: CH7 Thai TV / Workpoint News


