ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့ ပြည်သူ့စစ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ့နဲ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ပြည်သူတွေကို တအိမ်တက်ဆင်း ဖိအားပေး လိုက်ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာ၀တီတိုင်းရှိ မြို့နယ် ၉ ခုမှာ စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၂ ကို ဒီကနေ့ ကျင်းပနေပြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ထဲမှာတော့ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြည်သူတွေ မဲလာထည့်ဖို့ ရပ်ကွက်အတွင်းလိုက်လံခေါ်ဆောင် ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
ကျိုတ်လတ်မြို့ခံတယောက်က “ဒီမနက်ပိုင်းမှာ အုပ်ကြီးတွေ၊ ပြည်သူ့စစ်တွေ၊ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ၊ ကြံ့ဖွံ့ကသူတွေက တအိမ်ဆင်းတအိမ်တက် လိုက်ခေါ်နေတယ်။ ပြည်သူတွေ မဲမထည့်မှာဆိုးလို့ ရပ်ကွက်ထဲဝင်ပြီး လိုက်ခေါ်နေတာ။ ရပ်ကွက်ထဲက လူတချို့ကတော့ ကြောက်တော့ လိုက်သွားကြတယ်။ မဲထည့်ဖို့ အတင်းအကျပ် လုပ်ဆောင်နေတဲ့သဘောပဲ။ အမှန် သူတို့ အဲဒီလိုလုပ်စရာတောင်မလိုပါဘူး၊ သူတို့ပဲ နိုင်မဲ့ဟာ။ ပြိုင်ဘက်ပါတီတွေကလည်း သူတို့လောက် ဖိအားမပေးနိုင်ဘူးလေ၊ ကလေးကအစသိတယ် အတုအယောင်ရွေးကောက်ပွဲ ဆိုတာ။ အမှန်က အုပ်ချုပ်ရေးမှူးတွေက နေရာရချင်လို့ ကြံ့ဖွံ့အလိုကျ လိုက်လုပ်ပေးနေတဲ့သ ဘောမျိုးပဲ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၈ ခုမှာ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပခဲ့ပြီး ဒီကနေ့ ဒုတိယပိုင်းအဖြစ် ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ အိမ်မဲ၊ ဝါးခယ်မနဲ့ ပန်းတနော်မြို့နယ်တွေမှာ ကျင်းပတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။





